
ခိုင်မင်း(ကျောက်ဖြူ) / DMG
ဖေဖော်ဝါရီ ၁၄ ၊ ကျောက်ဖြူ
ကျောက်ဖြူမြို့နယ်တွင် လုံခြုံရေးဆောင်ရွက်မည့်ကိစ္စဖြင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး စကားများကြရာမှ ဒုတပ်ကြပ်က သေနတ်ဖြင့် ပစ်ခတ်လိုက်သောကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့ကြောင်း ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အမှတ်(၃၂) လုံခြုံရေးရဲတပ်ဖွဲ့ခွဲတွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကင်းတာဝန်ထမ်းဆောင်မည့်ကိစ္စဖြင့် စကားများကြရာမှ ဒုတပ်ကြပ်စောမောင်က ရဲတပ်သား မင်းထက်အောင်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒုတပ်ကြပ်စောမောင်မှာ ၎င်းကိုင်ဆောင်ထားသည့် BA-63 သေနတ်ဖြင့် (၁)ချက် ပစ်ခတ်မှုကြောင့် ရဲတပ်သား မင်းထက်အောင်၏ ယာဆီးစပ်အောက်နားတွင် ဒဏ်ရာ(၁)ချက် ရရှိခဲ့သည်။ ဒဏ်ရာရရှိသည့် ရဲတပ်သားမင်းထက်အောင်အား ကျောက်ဖြူခရိုင်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ သေနတ်ဒဏ်ရာဖြင့် ရဲတပ်သားတစ်ဦးသေဆုံးမှုအတွက် သေနတ်ပစ်ခတ်သူ ဒုတပ်ကြပ်အား ဥပဒေအရ အရေးယူပေးရန် အမှတ်(၃၂) လုံခြုံရေးတပ်ဖွဲ့ခွဲမှ ဒုရဲအုပ်ဇော်နိုင်ဝင်းမှ တရားလိုပြုလုပ်ပြီး ကျောက်ဖြူမြို့မရဲစခန်းတွင် တိုင်ကြားထားကြောင်း သိရသည်။
၎င်းအမှုနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့မရဲစခန်းတွင် (ပ) ၁၄၂/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ (၃၀၂) လူသတ်မှုဖြင့် အမှုဖွင့်လှစ်ထားပြီး ဒုရဲမှူးကျော်ဇောမှ အမှုကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။




