ဇူလိုင် (၃၀)၊ ၂၀၁၈ ခုနှစ်၊ ခိုင်မင်း(ကျောက်ဖြူ)/DMG

ကျောက်ဖြူမြို့နယ်တွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ အထိ ၅ နှစ်တာကာလအတွင်း လူငယ် ၅၀၀ ကို အရပ်ဘက်ဆောင်ရွက်မှုစွမ်းရည်မြှင့်တင်ရေးဆိုင်ရာ စီမံကိန်း သင်တန်းကို ပေးသွားမည်ဟု ကျောက်ဖြူမြို့နယ် လူငယ်အားမာန်အဖွဲ့မှ သိရသည်။

အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများ၏ ချိတ်ဆက်ဆောင်ရွက်မှု စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ စီမံကိန်းပြုလုပ်နိုင်ရန် ကျောက်ဖြူခရိုင် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချပေးရေး မူကြိုကျောင်းခန်းမတွင် ဆွေးနွေးပွဲပြုလုပ်ရာ ကျောက်ဖြူမြို့နယ် လူငယ်အားမာန်အဖွဲ့မှ ဒါရိုက်တာ ဦးဝင်းသန့်ဦးက ပြောကြားခဲ့သည်။

“၂၀၁၈ ခုနှစ်မှစတင်ပြီး ၂၀၂၂ ခုနှစ်ထိ (၅)နှစ်တာ ကာလအတွင်း ကျောက်ဖြူမြို့နယ်အတွင်းမှာ ရှိတဲ့လူငယ် (၅၀၀) လောက်ကို လူငယ်အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်သွားမှာဖြစ်တယ်။ သင်တန်းတွေလည်း ပေးသွားမှာဖြစ်တယ်။ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့လည်း ဒေသမှာဘာတွေ လုပ်ဆောင်နေလည်း ဆိုတာတွေကို ပြည်သူလူထုတွေ နားလည်အောင် ရှင်းပြသွားမှာဖြစ်တယ်။ ” ဟု ပြောသည်။

လူငယ်အားမာန်အဖွဲ့မှ ဦးစီးဆောင်ရွက်ပေးမည့် အရပ်ဘက်ဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး သင်တန်းကို ကြိုဆိုထောက်ခံကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသူ ဦးခိုင်ဦးက ပြောသည်။

“ အခုလိုစီမံကိန်းမျိုးဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထဲမှာ တစ်ခါမှလုပ်တာမရှိတော့ လူငယ်အားမာန်မှ ဦးစီးပြီးလုပ်ပေးမှာဆိုတော့ ကျွန်တော်တို့အနေနဲ့ အားရပ်ကျေနပ်မှုရှိတယ်ပေါ့။ လူငယ်တွေအနေနဲ့ Network ပတ်သက်ပြီးတော့ ချိတ်ဆက်အသုံးပြုတာတွေကို သိရှိနားလည်ပြီး တွင်တွင်ကျယ်ကျယ် သုံးတတ်လာအောင် သင်တန်းတွေပေးသွားမှာဖြစ်တဲ့အတွက် အများကြီးကောင်းမွန်တယ်။ ” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ဒေသခံလူမှုအဖွဲ့အစည်းများမှ လူငယ်များစွမ်းရည်မြှင့်သင်တန်းပေးနေသလို၊ နိုင်ငံတကာအဖွဲ့အစည်းများမှလည်း လူငယ်များစွမ်းဆောင်ရည်မြှင့်သင်တန်းများ ပေးအပ်လျှက်ရှိသည်။ ကျောက်ဖြူမြို့နယ်တွင် အရပ်ဘက်ဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှု စွမ်းရည်မြှင့်သင်တန်းကို ပထမဆုံးပေးအပ်ခြင်း ဖြစ်သည်။

လူငယ်အားမာန်အဖွဲ့ကို ၂၀၁၄ ခုနှစ်မှ လူငယ် (၉) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ပြည်သူအခြေပြုလုပ်ငန်းများ၊ လူငယ်စကားဝိုင်းများ စသည့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နေသာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။

Author: ခိုင်မင်း(ကျောက်ဖြူ)