ခိုင်မင်း(ကျောက်ဖြူ)၊DMG
နိုဝင်ဘာလ ၆၊ ကျောက်ဖြူ
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် စာချုပ်ချုပ်ဆိုတော့မည်ဖြစ်ရာ ယင်းစီမံကိန်းများ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုကြသည်။
ယင်းစီမံကိန်းအကောင်အထည်ဖော်လျှင် မြေယာပြသနာများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ၊ လူမှု ပတ်ဝန်းကျင်ထိခိုက်မှုများ၊ အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်ပြီး ဒေသခံများကို ပွင့်လင်းစွာချပြရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက တောင်းဆိုသည်။
"ဒီမှာ မြေယာပိုင်ဆိုင်မှုကလည်း ဒီမှာကအကုန်လုံး သိရသလောက် ကျေးရွာရှိလယ်သမားတွေက မြေဧရိယာ ဘယ်လောက်ရှိတယ်။ ဘယ်လောက်ပိုင်ဆိုင်တယ်ဆိုတာ သူတို့ကိုယ်တိုင်မသိဘူး။ မြေလွတ်မြေရိုင်း ဘယ်လောက်ရှိတယ်ဆိုတာလည်း မသိရှိသေးဘူး။ အဲဒါကြောင့်ဒေသခံတွေကို ပွင့်လင်းမြင်သာစွာ ချပြသင့် တယ်။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဘယ်လောက်ဖြစ်နိုင်တယ်။ လူမှုပတ်ဝန်းကျင်ထိခိုက်မှု ဘယ်လောက် ဖြစ်နိုင်တယ်ဆိုတာကိုလည်း ဒေသနေ ပြည်သူတွေကိုချပြသင့်တယ်”ဟု ၎င်းကပြောသည်။
အလားတူ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးကျော်သန်းကလည်း စီမံကိန်း ပွင့်လင်းမြင်သာမှု ရှိရန် လိုလားသည်။
"SEZ လုပ်မယ်ဆိုရင်လည်း အထူးသဖြင့် လယ်လုပ်တဲ့ ပုံစံ(၇)ရထားတဲ့ဟာတွေမဟုတ်ဘဲ နွားစားကျက်တွေလို ရာသီအလိုက်စိုက်ပျိုးတဲ့ မြေတွေကိုလည်း အဲဒီဒေသရဲ့ ဥပဒေအရ အဲဒီလူတွေပိုင်ဆိုင်တယ်ဆိုရင် အဲဒီလူတွေ ပိုင်ဆိုင်တဲ့အလျောက်ခံစားခွင့်ပေးလိုက်။ အခုကတော့ လက်ရှိအစိုးရက ဒီနေ့အချိန်ထိ ဒါတွေကို တောင်သူ လယ်သမားတွေကိုရော ဒီမှာသက်ဆိုင်တဲ့ ဌာနေက အရပ်ဖက်အဖွဲ့အစည်းတွေကိုရော တစ်ခြားဝန်ထမ်းတွေကို ရော လွှတ်တော်ကိုယ်စားလှယ်တွေကိုပါ ချပြတာတွေပါမရှိသေးဘူး" ဟု ၎င်းကပြောသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းက အကျိုးအမြတ်အနေဖြင့် တရုတ်နိုင်ငံပိုင် CITIC ကုမ္ပဏီမှ ရှယ်ယာ(၇၀)ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံမှရှယ်ယာ(၃၀)ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့တွင် တည်ဆောက်မည်ဖြစ်ကာ စီမံကိန်းများအနေဖြင့် ရေနက်ဆိပ်ကမ်းစီမံကိန်း၊ စက်မှုစီမံကိန်းနှင့် အဆင့်မြင့် အိမ်ရာ၊ စီးပွားရေးစီမံကိန်းများပါဝင်ပြီး ၄၂၈၉ .၃၂ ဧကမှာ အကောင်အထည်ဖော်မည်ဖြစ်သည်။
ယင်းစီမံကိန်းကို ထောက်ခံသူများလည်းရှိပြီး ကန့်ကွက်သူများလည်းရှိနေသည်။ စက်မှုလုပ်ငန်းများကြောင့် ပတ်ဝန်းကျင် ဒေသခံများ၏ ကျန်းမာရေးကို ဆိုးရွားစေနိုင်ခြင်း၊ ဘိုးစဉ်ဘောင်ဆက် အတည်တကျ နေထိုင် လာခဲ့သော လူမှုပတ်ဝန်းကျင်များ ပျက်စီးမည်ကို စိုးရိမ်ပူပန်သည်ဟု ချက်ချင်းရပ်တန့်ရန် ပြီးခဲ့သည့် နှစ်က ဒေသခံများ တောင်းဆိုခဲ့ကြသည်။




