(ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်မယ့် ကုမ္ပဏီများက ခေါင်းဆောင်များအား တွေ့ရစဉ်။ ဓါတ်ပုံ - နေဝင်းစံ၊ DMG)

ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၁၈ ခုနှစ်။   ။   ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်အား ပဏမလုပ်ငန်းစဉ်အဖြစ် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက် (EIA) နှင့် လူမှုရေးထိခိုက်မှုဆန်းစစ်ချက် (SIA) တို့ကို မကြာမီကာလတွင် စတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပဏမလုပ်ငန်းများကို လုပ်ဆောင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များသည် ဇန်နဝါရီလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံအသိပေးခဲ့ပြီး ယင်းနေ့တွင်ပင် ရခိုင်သတင်းမီဒီယာတွေနှင့်လည်း သီးသန့်တွေ့ဆုံကာ ရှင်းလင်းပြောဆိုခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက “ ကျောက်ဖြူအထူးစီးပွားရေး ဇုန်ကို အကောင်အထည်ဖော်တဲ့နေရာမှာ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင်နဲ့ လူမှုရေးထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဆောင်ရွက်တဲ့နေရာမှာ အများမြင်သာ၊ ထင်သာပြီးတော့ ရခိုင်ဒေသကပြည်သူများရဲ့ အကျိုးစီးပွားကို ဦးတည်ပြီးတော့ ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။ ” ဟု သတင်းမီဒီယာများကို ပြောဆိုခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် မြန်မာနိုင်ငံအစိုးရအပါအဝင် မြန်မာနိုင်ငံအစိုးရမှ အသိအမှတ်ပြုထားသည့် မြန်မာနိုင်ငံသားကုမ္ပဏီ ၅၂ ခုနှင့် တရုတ်အစိုးရ လက်အောက်ခံ SITIC ကုမ္ပဏီတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံက SITIC ကုမ္ပဏီက တင်ဒါ အောင်မြင်ထားပြီး မကြာမီ မူဘောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန်ရှိကြောင်းလည်း သိရပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းက “ မြေယာရရှိမှုနဲ့ပတ်သက်လို့ လုပ်ရမယ့်အချက်တွေ အများကြီးရှိပါတယ်။ ဒါက ဘယ်အပေါ်မူတည်လဲဆိုရင် EIA, SIA က ရရှိမယ့် အဖြေပေါ် မူတည်ပြီးဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် နိုင်ငံတော်အနေနဲ့ကတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောက်ဖြူဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ အလုပ်အကိုင်ရရှိရေးအတွက် အမြန်ဆုံး အကောင်အထည်ဖော် နေတာဖြစ်ပါတယ်။ ” ဟု ပြောသည်။

ဆက်လက်ပြီး ဆိပ်ကမ်းတည်ဆောက်မည့်ကိစ္စ၊ စက်မှုဇုန်တည်ဆောက်မည့်ကိစ္စ၊ မြို့ပြတည်ဆောက်မည့် ကိစ္စများနှင့်ပတ်သက်ပြီး စာချုပ် ၇ ခု ချုပ်ဆိုရန်ရှိသေးကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။

လက်ရှိဆွေးနွေးမှုများကို ယခုနှစ်မေလမတိုင်မီ အပြီးသတ်ဆွေးနွေးသွားမည်ဖြစ်ပြီး သဘောတူညီချက် ရရှိပါက ဆွေးနွေးမှုပြီးသည်နှင့် လက်မှတ်ရေးထိုးပြီး အကောင်အထည်ဖော်မှာဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် မူဝါဒချမှတ်ပေးမယ့်ဗဟိုအဖွဲ့၊ လက်တွေ့လုပ်ငန်း အကောင်အထည် ဖော်မည့်လုပ်ငန်းအဖွဲ့နှင့် သက်ဆိုင်ရာဇုန်အသီးသီးအလိုက် စီမံခန့်ခွဲမှုကော်မတီများ ရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သီလဝါအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စသည့် အထူးစီးပွားရေးဇုန် ၃ ခုရှိကြောင်းသိရပြီး အဆိုပါအထူးစီးပွားရေးဇုန်များကို ၂၀၁၄ ခုနှစ် အထူး စီးပွားရေးဇုန်အက်ဥပဒေအရ အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Author: နေဝင်းစံ