ဓာတ်ပုံ - Internet

 ခိုင်မင်း(ကျောက်ဖြူ) / DMG

ဖေဖော်ဝါရီ ၁၃ ၊ ကျောက်ဖြူ

ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံတွင် ကလေးမွေးဖွားရန်တက်ရောက်နေသည့် မွေးလူနာတစ်ဦးအား ဆေးရုံတာဝန်ရှိသူများမှလွှတ်၍ ပြည်ဆေးရုံတွင်ခွဲစိတ်မွေးဖွားရန်သွားရောက်စဉ် လမ်းခုလတ်တွင် မွေးလူနာသေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မွေးလူနာမှာ ကျောက်ဖြူမြို့ စေတီယျရပ်ကွက်မှဖြစ်ပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကလေး မွေးဖွားရန် ကျောက်ဖြူပြည်သူ့ဆေးရုံသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညပိုင်းတွင် ကျောက်ဖြူပြည်သူ့ဆေးရုံရှိ သားဖွားမီးယပ်အထူးကုဆရာဝန်မှ ပြည်ဆေးရုံတွင် ခွဲစိတ်မွေးဖွားရမည့်ဟုပြောကြားလာသဖြင့် မွေးလူနာနှင့်လူနာရှင်တို့သည် ထို့နေ့တွင်ပင် ပြည်ဆေးရုံသို့သွားရောက်ခဲ့ကြရာ လမ်းခရီးတစ်ဝက်ခန့်အရောက် တောင်ကုတ်မြို့အနီးတွင် မွေးလူနာ သေဆုံးသွားခဲ့ကြောင်း သေဆုံးသူ၏ခင်ပွန်းဖြစ်သူ ကိုကျော်မြခိုင်က ပြောသည်။

“ဒီလိုပုံစံနဲ့ဖြစ်မှာလား၊ OG မကို သေသေချာချာတောင်းပန်သေးတယ်၊ ဒါလည်းသူက လက်မခံဘူး၊ ပြည်ကိုပဲ လွှတ်တယ်၊ သူလုပ်ပေးလို့မရဘူးချည်းပဲ ခေါင်းခါတယ်။ သူက မေ့ဆေးဆရာဝန်မရှိ၊ ခွဲစိတ်ကုသဖို့ လူလည်းမရှိ၊ ခွဲလို့မရ၊ ပြည်သွားတာအကောင်းဆုံးပဲလို့ပြောတယ်၊ ပြည်ကိုသွားတဲ့အချိန်မှာ တောင်ကုတ်ရောက်ဖို့ (၁၅)မိနစ်လောက်အလိုမှာ ဆုံးသွားတယ် ” ဟု ကိုကျော်မြခိုင်က DMG ကို ပြောသည်။

၎င်းမွေးလူနာ ပြည်ဆေးရုံသို့သွားရောက်စဉ် လိုက်ပါမည့်ဆရာမတစ်ဦးကို ငွေကျပ်တစ်သိန်းပေး၍ ငှားခဲ့ ရပြီး မွေးလူနာရှင်များမှာ ဆင်းရဲနွမ်းပါးသောမိသားစုများဖြစ်သဖြင့် ပရဟိတအဖွဲ့အစည်းတစ်ခုမှ ကူညီပေး ခဲ့ကြောင်း သိရသည်။

“ဒေါက်တာ၊ ကျွန်မတို့လူနာကို ဒီမှာခွဲစိတ်ပေးလို့မရဘူးလားမေးတော့ ဒီမှာလုပ်လို့မဖြစ်ဘူးတဲ့၊ ငါတို့လည်း တာဝန်မယူနိုင်ဘူးတဲ့ အဲဒီလိုပြောတယ်။ သူတို့တာဝန်မယူနိုင်ဘူးဆိုတော့ ကျွန်မတို့အနေနဲ့ကတော့ ဘာမှ ပြောပိုင်ခွင့်မရှိဘူး” ဟု လူနာစောင့်တစ်ဦးဖြစ်သူ ဒေါ်အေးမြစိန်က ပြောသည်။

ထိုသို့ ကျောက်ဖြူဆေးရုံတွင် မေ့ဆေးဆရာဝန်မရှိ၍ ခွဲစိတ်မွေးဖွား၍ မရခြင်း၊ ပြည်ဆေးရုံတွင် ခွဲစိတ်မွေးဖွားရန် ဆေးရုံတာဝန်ရှိသူများမှ လွှတ်ခြင်းတို့ကြောင့် မွေးမိခင်နှင့် ကလေးမှာ မသေသင့်ပဲ သေဆုံးခဲ့ရသည်ဟု ဝေဖန်ပြစ်တင်မှုများရှိနေသည်။

“ဒါကတော့ မဖြစ်သင့်တာပါ၊ အပြင်မှာတော့ ဘယ်ကမေ့ဆေးဆရာဝန်နဲ့ ခွဲတာလည်း၊ အပြင်မှာကျတော့ တော်တော်ခွဲစိတ်တာပဲ၊ မေ့ဆေးဆရာဝန် မရှိတဲ့အတွက် လွှတ်လိုက်တယ်၊ လွှတ်လိုက်တဲ့အတွက် အချိန်မီ မခွဲစိတ်လိုက်ရတဲ့အတွက် အဆိပ်တက်ပြီးသေတာပေါ့ ” လို့ ကျောက်ဖြူမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းမှ ပြောသည်။

ယခုကဲ့သို့ မွေးမိခင်နှင့် ကလေးသေဆုံးမှုကိစ္စအား ကျောက်ဖြူပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ နေလင်းအား DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာ သတင်းထောက်များမေးမြန်းသည်ကို ဖြေချင်စိတ်မရှိ ဟုဆိုကာ ဖုန်းချသွားခဲ့သည်။

ယခင်ကလည်း ကျောက်ဖြူပြည်သူ့ဆေးရုံတွင် ကလေးမွေးဖွားရန် လာရောက်သူများထံမှ ငွေကျပ် ငါးသောင်းမှ ရှစ်သောင်းအထိပေးနေရ၍ မရှိဆင်းရဲသားများအခက်အခဲဖြစ်နေရကြောင်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် DMG မှ သတင်းရေးသားဖော်ပြခဲ့သည်။

 

 

Author: ခိုင်မင်း(ကျောက်ဖြူ)