
(မစ္စယန်ဟီးလီ ဦးဆောင်သောအဖွဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ယနေ့နံနက်ပိုင်းက တွေ့ဆုံခဲ့စဉ်။ ဓါတ်ပုံ - ဝန်ကြီးချုပ် ဦးညီပု ဖေ့စ်ဘုတ်စာမျက်နှာ)
ဇူလိုင် ၁၂ ရက်၊ ၂၀၁၇ ခုနှစ် (DMG) ။ ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသခံများ၏ ကျောက်ဖြူအထူးစီးပွားရေးဇုန် လုပ်ဆောင်မည့် ကိစ္စရပ်များနှင့် တောင်သူများ၏ စိုးရိမ်မှုအခြေအနေများကို ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီအရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီက ဇူလိုင်လ ၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံစဉ်တင်ပြခဲ့ကြောင်း ပြည်နယ်အစိုးရမှ ထုတ်ပြန်ထားသည်။
မစ္စယန်ဟီးလီသည် ကျောက်ဖြူမြို့သို့ ဇူလိုင်လ ၁၁ ရက်နေ့က ရောက်ရှိခဲ့ကာ ဌာနဆိုင်ရာများ၊ ဒေသခံ တောင်သူလယ်သများနှင့်တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ တင်ပြချက်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ထပ်ဆင့်တင်ပြခဲ့ခြင်းလည်းဖြစ်သည်။
ယင်းနှင့်ပတ်သတ်ပြီး မစ္စယန်ဟီးလီအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက ကျောက်ဖြူအထူးစီးပွားရေးဇုန် SEZ ကိစ္စမှာ ညှိနှိုင်းဆွေးနွေးနေဆဲအခြေအနေဖြစ်ပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်ကြောင့် ဒေသခံများ နိမ့်ကျမည်ကို လက်မခံမည်မဟုတ်ကြောင်း၊ ဒေသခံများဆုံးရှုံးခံရမှုရှိခဲ့လျှင်လည်း ဒေသခံများအတွက် အဆင်ပြေအောင် လုပ်ဆောင်ပေး မည်ဖြစ်ကာ ဒေသခံများ၏ ရေရှည်အကျိုးစီးပွားရှိမှသာ လက်ခံဆောင်ရွက် မည်ဖြစ်ကြောင်းတင်ပြခဲ့သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။
ယင်းအပြင် မောင်တော ဘူးသီးတောင် ဒေသတည်ငြိမ်ဖွံ့ဖြိုးရေးနှင့် လက်ရှိဒေသ အခြေအနေများ၊ ဆိုင်ကလုန်းမုန်တိုင်းမိုရာကြောင့်ဖြစ်ပွားခဲ့သောပျက်စီးဆုံးရှုံးမှုများနှင့်ပြန်လည်ဖြည့်ဆည်းဆောင်ရွက်ထားမှုများ၊IDP Camp များပြောင်းရွှေ့နေရာချထားမှုများအား အပြန်အလှန်ဆွေးနွေးခဲ့ကြ သည်ဟုသိရသည်။
မစ္စရန်ဟီးလီသည် ကျောက်ဖြူ၊စစ်တွေ၊ဘူးသီးတောင်၊မောင်တောဒေသများသို့ ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ သွားရောက်လေ့လာမည်ဖြစ်ကာ ၎င်း၏ခရီးစဉ်အတွင်း ရခိုင်လူထုများ၏ ဆန္ဒပြကန့်ကွက်မှုများကိုလည်းခံခဲ့ရသည်။





