
အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးငယ်၏ နေအိမ်။ ဓါတ်ပုံ - ခိုင်မင်း (ကျောက်ဖြူ)/DMG
ဖေဖော်ဝါရီလ ၁၁ ရက်၊ ၂၀၁၈ ခုနှစ်။ ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု ကုလဘာကျေးရွာတွင် ဖေဖော်ဝါရီလ (၁၀) ရက်နေ့က ဥာဏ်ရည်မမီသည့် မိန်းကလေးတစ်ဦး မိမိနေအိမ်တွင် ထမင်းချက်နေစဉ် အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ အဆိုပါမိန်းကလေးသည် အိမ်မှာတစ်ဦးတည်းရှိနေခိုက် တင်အောင်မိုး(ခ) တင်မိုး (ခေါ်) နားပင်းသည် အလိုမတူဘဲ သားမယားပြုကျင့်ကာ ထွက်ပြေးသွားခြင်းဖြစ်ပြီး မိခင်ဖြစ်သူ ဒေါ်စံယဉ်နုမှ တရားလိုလုပ်ပြီးတိုင်တန်းသဖြင့် တရားခံအားဖမ်းဆီးထားပြီးဖြစ်ကာ ရာဇသတ်ကြီးပုဒ်မ (၃၇၆) အရ စစ်ဆေးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဓမ္မပြုကျင့်ခံရသူ မ......(၂၁)နှစ်မှာ ကုလဘာကျေးရွာနေ (ဘ)မောင်ကျန်လူ (မိ)ဒေါ်စံယဉ်နုတို့၏ သမီးဖြစ်ကြောင်း သိရသည်။
“ အိမ်မှာ ဘယ်သူမှမရှိတဲ့အချိန်မှာ ကျမသမီးကို အလိုမတူဘဲ အဓမ္မပြုကျင့်တာဖြစ်တယ်။ ပါးစပ်ကိုပိတ်ပြီး လည်ပင်းကိုလည်း ညစ်ထားသေးတယ်လို့ သမီးက ပြောတယ်။ မိခင်ဖြစ်တဲ့ ကျမအနေနဲ့ကတော့ သူ့ကို သေဒဏ်ပေးစေချင်တယ်။ ” ဟု မိခင်ဒေါ်စံယဉ်နုက DMG ကို ပြောသည်။
အဓမ္မပြုကျင့်သူ တရားခံအောင်တင်မိုး (၂၅)နှစ်မှာ (ဘ)ဦးတင်စိန်သည် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ရွာကျေးရွာမှနေပြီး ကုလဘာကျေးရွာတွင် အုတ်လုပ်ငန်းလာရောက်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။
တရားခံ အောင်တင်မိုးက ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းက ကျောက်ဖြူမြို့နယ်တရားရုံးတွင် ချုပ်ရမန် ယနေ့ကစပြီး နှစ်ပတ်ယူထားကြောင်း ရဲစခန်းက သိရသည်။
မြန်မာနိုင်ငံတွင် အဓမ္မပြုကျင့်ခံရမှုများပြားလာသည့်အတွက် မုဒိန်းမှုမှန်သမျှကို သေဒဏ်ပေးရန်အတွက် မုဒိမ်းမှုသေဒဏ်ပေးရေးလုပ်ရှားနေသည့် မြန်မာအမျိုးသမီးများကာကွယ်စောင့်ရှောက်ရေးအဖွဲ့က တောင်းဆိုထားသည်။




