ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများဖြစ်ပွားခဲ့စဉ်ကာလကပင် ယခုအချိန်ထိ အဆိုပါ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသူများကို ရွှေ့ပြောင်းပေးခြင်းဖြစ်ကာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်ကို စတင်အကောင်အထည်ဖော်သည့် အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောသည်။

“ ဟုတ်ကဲ့။ ရခိုင်ဒုက္ခသည်စခန်းကို ဒီနေ့စတင်ရွှေ့ပြောင်းပေးနေပါတယ်။ ပြင်ဖြူမော်ကျေးရွာ ကိုပေါ့နော်။ ” ဟု ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီလင်းကဆိုသည်။

၂၀၁၂ ခုနှစ်ဖြစ်စဉ်ကြောင့် ဘင်္ဂလီ ၁၂၀၀၀၀ ကျော်သည် ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများမှာ ကန့်သတ်မှုများဖြင့် နေထိုင်နေရသောကြောင့် ယင်းဒုက္ခသည်စခန်းများကို ပိတ်သိမ်းရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဥက္ကဌအဖြစ် ဆောင်ရွက်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာတွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒုက္ခသည်စခန်း(၃)ခုဖြစ်သည့် သက်ကယ်ပြင် ဒုက္ခသည်စခန်း၊ ရမ်းဗြဲရှိ ဒုက္ခသည်စခန်းနှင့် ကျောက်ဖြူရှိ ဒုက္ခသည်စခန်းတို့ကို ယခုဧပြီလအတွင်းတွင် ပိတ်သိမ်းရန် စီစဉ်ခဲ့ဟုသည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောကြားချက်အရသိရသည်။

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်