
ကျောက်ဖြူမြို့တွင် ခွေးရူးကိုက်၍ လူ ၂၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဓါတ်ပုံ - ခိုင်မင်း (ကျောက်ဖြူ)
ဖေဖော်ဝါရီလ ၂ ရက်နေ့၊ ၂၀၁၈ ခုနှစ်။ ။ ကျောက်ဖြူမြို့တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က ကလေးငယ်များအပါအဝင် လူ ၂၂ ဦး ခွေးရူးအကိုက်ခံရကြောင်း ကျောက်ဖြူပြည်သူ့ဆေးရုံမှတ်တမ်းအရ သိရသည်။
ယနေ့ နံနက် ၉ နာရီကစပြီး ပိုင်ရှင်မရှိဘဲ ပြည်သူ့ဆေးရုံအနီးတွင် ကျင်လည်နေသော ခွေးရူးတစ်ကောင်က အသက် ၄ နှစ်ကလေးငယ်တစ်ဦး စတင်ကိုက်ပြီးနောက် မြို့ကိုပတ်၍ လိုက်ကိုက်ခြင်းကြောင့် ၂၂ ဦးထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယင်းကလေးငယ်တွင် ဦးခေါင်းတွင် အကိုက်ခံရပြီး အသက် ၁၀ နှစ်ပတ်ဝန်းကျင် ကလေးငယ် ၈ ဦးနှင့် အသက် ၂၀ ကနေ ၆၅ နှစ်ကြား လူကြီး ၁၄ ဦးတို့က ခွေးရူးအကိုက်ခံခဲ့ရသည်။
ခွေးရူးတစ်ကောင် စတင်ကိုက်ရာကနေ နေ့လည် ၂ နာရီအချိန်ထိ ဖမ်းဆီးရခြင်းမရှိ၍ နောက်ထပ် ခွေးရူး ၆ ကောင်ခန့်က လိုက်ကိုက်ခဲ့သောကြောင့် မြို့နယ်စည်ပင်အဖွဲ့၊ ယဉ်ထိန်းရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံတချို့က လိုက်ကိုက်သော ခွေးရူးများနှင့်အတူ အန္တရာယ်ရှိနိုင်သော ခွေး စုစုပေါင်း ၁၀ ကျော်ကို ရှင်းလင်းခဲ့သည်။
ခွေးရူးကိုက်၍ ထိခိုက်ဒဏ်ရာရရှိသော လူ ၂၂ ဦးကို ကျောက်ဖြူပြည်သူ့ဆေးရုံက ခွေးရူးကာကွယ်ဆေးများ အချိန်မီထိုးနှံပေးခဲ့ကြသည်။






