
(အိုးတင်ဆိပ်နှင့် ပြင်ဖြူမော်ကျေးရွာကြားရှိ ပေ ၅၀၀၀ ခန့်ရှိသော မြေသားဆည်ဖြစ်ကာ ၁၀ ပေခန့် ဆည်အစိတ်အပိုင်း ကျိုးပဲခြင်းမြင်တွေ့ရစဉ်။ ဓါတ်ပုံ - သားသျှေလေး/DMG)
မေလ ၂၉ ရက်၊ ၂၀၁၇ ခုနှစ်၊ ကျောက်ဖြူ (DMG) ။ ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ မြို့ပေါ်ရပ်ကွက်မျာအတွက် အထူးအရေးပါ အရာရောက်ပြီး ရေဘေးအန္တရာယ်ကျရောက်မှုမှ ထိန်းသိမ်းကာကွယ်ထားသည့် ဆည်တာတမံမှာ မေလ ၂၉ ရက် နေ့လည် တစ်နာရီခန့်က မုန်တိုင်းအရှိန်ကြောင့် ဒီရေလှိုင်းကြီးဒါဏ်ကို မခံနိုင်ဘဲ ကျိုးပေါက်ပျက်စီးသွားကြောင်း ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့မှ ဦးထွန်းကြည်က DMG ကို ဆက်သွယ်ပြောဆိုသည်။
“ဆည်ကျိုးပေါက်တာဟုတ်ပါတယ်။ အဲဒီဆယ်ကျိုးပေါက်နေတော့ ဒီရေမမြင်တက်ဖို့ပဲ ဆုတောင်းရမယ်။ ဒီရေ ၄ ပေလောက် မြင့်တက်ရင်တော့ မြိုပေါ်နယ် လူထုကို ထိခိုက်မှုအများကြီး ရှိလာနိုင်ပါတယ်” ဟုပြောဆိုသည်။
ယခုဆည်ကျိုးပေါက်မှုတွင် စေတီတောင်ရပ်ကွက်၊ ကလာဘာတောင်၊ ပြင်ဖြူမော်၊ ဆာပြင်ကွင်း၊ ကညင်တောင် အပါအ၀င် မြို့ပေါ် မြေနိမ့်ပိုင်းရပ်ကွက်များအတွက် စိုးရိမ်ရကြောင်း ဆယ်ကျိုးပေါက်သည့် နေရာရောက်ရှိခဲ့သည့် အမည်မဖော်လိုသည့် ဒေသခံတစ်ဦးမှ ပြောဆိုသည်။
ယခုကျိုးပေါက်ပျက်စီးသွားသည့် ဆည်တွင် ကျိုးပေါက်နိုင်ခြေရှိသည့် နေရာများအများအပြားရှိနေပြီး အိုးတင်ဆိပ်နှင့် ပြင်ဖြူမော်ကျေးရွာကြားရှိ ပေ(၅၀၀၀) ခန့် ရှိသော မြေသားဆည်ဖြစ်ကာ (၁၀)ပေခန့် ဆည်အစိတ်အပိုင်း ကျိုးပဲခြင်းဖြစ်သည်။
ယခု ညနေပိုင်းအချိန်ထိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသခံများဝိုင်းဝန် ဆည်ဖို့နေကြောင်းလည်း ပြောဆိုသည်။
အဆိုပါ ဆည်ကျိုးပေါက်မှု ဖြစ်စဉ်နှင့်ပတ်သတ်ပြီး ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးအား DMG မှ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရရှိခဲ့ပေ။




