(မူရင်းကျေးရွာ ဘုန်းကြီးကျောင်းကိစ္စ ယနေ့ တန်ပြန်ဆန္ဒဖော်ထုတ်မှုမြင်ကွင်း။ ဓါတ်ပုံ - ဟန်ထူးဇော်/DMG)

 

ဇူလိုင် ၁၀ ရက် ၊ ၂၀၁၇ ခုနှစ် (DMG) ။    ။   ကျောက်ဖြူမြို့နယ် မူရင်းကျေးရွာမှာ ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းဖြစ်နေသည့်အတွက် နှစ်ကျောင်းကို ပိတ်သိမ်းလိုက်ခြင်းကြောင့် ကျေနပ်မှုမရှိသော မူရင်းဒေသခံတချို့က ပြန်လည်ကိုးကွယ်ခွင့်ရရှိရန် ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

 

အဆိုပါဆန္ဒဖော်ထုတ်မှုမှာ မူရင်းကျေးရွာ၏ လက်ရှိတည်ငြိမ်နေသော စည်းလုံးမှုကို ပျက်ပြားအောင်လုပ်သည်ဆိုပြီး ဘုန်းကြီးကျောင်းပိတ်သိမ်းခြင်းကို ထောက်ခံသည့် မူရင်းဒေသခံ ၁၀၀ ခန့်က စည်းလုံးမှုပျက်စီးအောင်ပြုလုပ်သူများအား အလိုမရှိကြောင်း ယနေ့ (ဇူလိုင်လ ၁၀ ရက်) နေ့လည် ၁ နာရီက ကျောက်ဖြူမြို့မှာ တန်ပြန်ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

 

မူရင်းကျေးရွာတွင် ဘုန်ကြီးကျောင်း ၃ ကျောင်းကို မနိုင်မနင်းကိုယ်ကွယ်နေရသလို ဖွံ့ဖြိုးမှု့မှာလည်း နှေင့်နှေးနေသောကြောင့် တပေါင်းတည်း ပေါင်းစည်းစေရန်ရည်ရွယ်ကာ ကျေးရွာရပ်မိရပ်ဖများက ဦးဆောင်ပြီး ဆန္ဒမဲကောက်ခံရာတွင် အိမ်ခြေ ၂၆၀ ရှိသည့်အနက် အိမ်ခြေ ၁၆ အိမ်သာ ကန့်ကွက်ခဲ့ခြင်းကြောင့် မဲအရဆုံးဖြတ်ပြီး ၂၀၀၆ ခုနှစ်မှာ ဘုန်ကြီးကျောင်း ၂ ကျောင်းကို သာသနာရေးဌာန၏ ညွန်ကြားချက်အရ ပိတ်သိမ်းကာ ဖြိုဖျက်လိုက်သည်။

 

ယင်းကဲ့သို့ ပိတ်သိမ်းလိုက်သည့်အတွက် မကျေနပ်သော ဒေသခံတချို့က ပြန်လည်ဖွင့်လှစ်ကိုးကွယ်ခွင့်ပေးရန် တောင်းဆန္ဒပြခဲ့ခြင်းကို ကန့်ကွက်ကြောင်း ယနေ့ ဆန္ဒဖော်ရာတွင်ပါဝင်သည့် မူရင်းကျေးရွာနေ ဦးထွန်းသာအောင်က DMG ကို ပြောဆိုထားသည်။

 

တည်ငြိမ်နေသော အခြေအနေကို မလိုလားအပ်သည့် စည်းလုံးလှုံ့ဆော်မှုများကြောင့် သွေးမကွဲစေရန်နှင့် ယခုလိုဖြစ်ရခြင်းကို အလွန်ပင်စိတ်မကောင်းဖြစ်မိကြောင်း ယနေ့ ဆန္ဒပြရခြင်းနှင့် ပတ်သက်ပြီး မူရွင်းကျေးရွာနေ ဦးဖြူထွန်းရှည်က ပြောဆိုသည်။

 

ယနေ့ ဆန္ဒဖော်ထုတ်ရာတွင် မူရွင်းကျေးရွာ စည်းလုံးရေးကို ပျက်ပြားအောင်လုပ်သူကို အလိုမရှိ၊ မူရွင်းကျေးရွာစည်လုံးညီညွှတ်မှုကို ပျက်စီးအောင်အားပေးသော တခြားရွာသူရွာသားများကို အလိုမရှိ၊ လူအခွင့်အရေး အယောင်ဆောင် အလိုမရှိ၊ လူ့အခွင့်ရေးကို လေးစားပါဟု ကြွေးကြော်ကာ ကျောက်ဖြူ မြို့အဝင်ဆိုင်ဘုတ်မှ ဆေးရုံးကြားလမ်းနှင့် သာသနာရေးရုံးထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Author: ဟန်ထူးဇော်