ဇန်နဝါရီလ ၁၄ ရက်နေ့ နေ့လည်က ကျောက်ဖြူမြို့တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်လုပ်မည့် ကုမ္ပဏီအဖွဲ့များနှင့် ဒေသခံလူထုတွေ့ဆုံကြစဉ်။ ဓါတ်ပုံ - ခိုင်မင်း (ကျောက်ဖြူ)

ဇန်နဝါရီလ ၁၅ ရက်၊ ၂၀၁၈ ခုနှစ်။   ။   ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) အတွင်း အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်ရန် ကျောက်ဖြူမြို့နယ်က အသက် ၁၈ နှစ်အောက်နှင့် ၁၈ နှစ်အထက်ကို စာရင်းကောက်ခံသွားမည်ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ဥက္ကဌ ဒေါက်တာ စိုးဝင်းက ပြောကြားသည်။

“ ကျောက်​ဖြူအထူးစီးပွားရေးဇုန် စတင်​လာရင်​ အလုပ်​အကိုင်​အခွင့်​အလမ်း​တွေ ရရှိလာမှာဖြစ်​တယ်​။ ဒီအလုပ်​အကိုင်​အခွင့်​အလမ်းကို လယ်​ယာ​မြေ​တွေ ပါဝင်​ပတ်​သက်​တဲ့ မိသားစုဝင်​​တွေကို နစ်​နာမှုမရှိ​အောင်​ ကျွန်​​တော် အ​နေနဲ့ (၁၈)​​ နှစ်​အောက်​ ဘယ်​​လောက်​ရှိလဲ၊ (၁၈) နှစ်​အထက်​ ဘယ်​​လောက်​ရှိလဲ ဆိုတာကို စာရင်းကောက်​ခံသွားမှာပါ။ စာရင်း​ကောက်​တာနဲ့ ပတ်​သက်​ပြီး (၁၈) အထက်​ရှိတဲ့ သူ​တွေကို အလုပ်​အကိုင်​အခွင့်တွေ ဖန်​တီး​ပေးမှာဖြစ်​ပြီး (၁၈) နှစ်​​အောက်​က​လေး​တွေကို​တော့ ပညာ​ရေးနဲ့ ပတ်​သက်​ပြီး အခမဲ့ပညာ​ရေးရအောင်​ SEZ ​ကော်​မတီမှ​ စောင့်​​ရှောက်​ဖို့အတွက်​ လျာတားထားပြီးဖြစ်​တယ်။ ” ဟု ၄င်းက ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်လာလျှင် အကျိုးအမြတ်ကို ခွဲဝေသည့်နေရာတွင် မြန်မာအစိုးရက ရာခိုင်နှုန်း ၇၀ အထိ အများဆုံးရသင့်သည်ဟု ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ဦးထွန်းကြည်က DMG ၏ အင်တာဗျူးတစ်ခုတွင် ပြောကြားထားသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ကိစ္စနှင့် ပတ်သက်ပြီး ဇန်နဝါရီလ ၁၃ ရက်နေ့ စစ်တွေမြို့ရှိ စစ်တွေဟိုတယ်တွင် မီဒီယာများအား ရှင်းလင်းခဲ့ပြီး ဇန်နဝါရီလ ၁၄ ရက်နေ့တွင်လည်း ကျောက်ဖြူမြို့၌ ဒေသခံလူထုများဖြင့် တွေ့ဆုံရှင်းလင်းခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရှယ်ယာအများဆုံးမှာ တရုတ်ကုမ္ပဏီဖြစ်သည့် CITIC ကုမ္ပဏီဖြစ်ပြီး MKSHC ကုမ္ပဏီအပါအဝင် မြန်မာနိုင်ငံအတွင်းက ဒေသခံ ကုမ္ပဏီ ၅၀ ကျော်က လုပ်ဆောင်ကြမည်ဟု သိရသည်။

Author: DMG