ခင်သရဖီဦး၊ DMG

အောက်တိုဘာ ၄၊ မောင်တော

 

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် သင်ကြားရေးအထောက်အကူပြုဆရာအဖြစ် လုပ်ကိုင်ရန် လျှောက်ထားသူ ဘင်္ဂါလီ  ဦးရေ ၉၀၀ ကျော်ခန့် ရှိကြောင်း မောင်တောခရိုင်ပညာရေးမှူး ဦးခင်အောင်က  DMG ကို ပြောသည်။

မောင်တောဒေသက ဆယ်တန်းအောင်၊ဘွဲ့ရ ဘဂါင်္လီများကို ဒေသတွင်း ကျောင်းဆရာ ခန့်ရန် အတွက်  စက်တင်ဘာလ ၁၀ရက်နေ့က စတင်စာရင်းကောက်ခံခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာလ နောက်ဆုံးအပတ်တွင် ဘင်္ဂါလီဦးရေ ၉၀၀ ကျော်အထိ စာရင်းကောက်ယူရရှိသည်ဟု မောင်တော ခရိုင်ပညာရေးမှူးရုံးက သိရသည်။

ယင်းစာရင်းကို အောက်တိုဘာလ ၃ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ ပေးပို့လိုက်ပြီဟု ရခိုင်ပြည်နယ်ပညာရေးမှူး ရုံးမှသိရသည်။

 “ ကျနော်တို့က တခုမှ မလုပ်ရသေးပါဘူး။ စာရင်းတင်လိုက်ရုံပဲရှိပါတယ်။ ကျနော်တို့က ခရိုင်ပညာ၊ မြို့နယ်ပညာ၊ ပြည်နယ်ပညာစသည့်အားဖြင့် ပညာရေးမူဝါဒအရ အထက်ကညွန့်ကြားချက်အတိုင်းပဲ အကောင်အထည်ဖော် ဆောင်ရွက်ပေးရတာကြောင့် စာရင်းကောက်ယူရတာ”ဟု မောင်တောခရိုင်ပညာရေးမှူး ဦးခင်အောင်က  ပြောသည်။

မောင်တောမြို့နယ်က ဆယ်တန်းအောင်ဘွဲ့ရ ဘင်္ဂါလီ လူဦးရေ ၃၂၀ ကျော်နှင့် ဘူးသီးတောင်က ၆၂၀ ကျော် အထိ လျှောက်ထားခြင်းဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ မအောင်မြင်သူများကပါ လျှောက်ကြသော်လည်း လက်ခံခြင်းမပြုခဲ့ဟု မောင်တောခရိုင်ပညာရေးမှူးရုံးက သိရသည်။

“ လျှောက်ထားတာတော့ ၉၀၀ကျော်လောက်ရှိပါတယ်။ ဆယ်တန်းကျတဲ့သူတွေကိုတော့ လက်မခံလိုက်တော့ပါဘူး ။ ဆယ်တန်းကျတဲ့လူတွေ တစ်ယောက်၊နှစ်ယောက်လောက်ပဲ လက်ခံလိုက်တယ်။ ၁၀တန်းကျတဲ့သူတွေကိုပါ လက်ခံလိုက်ရင် များသွားမှာ ကြောင့်ပါ”ဟု ဦးခင်အောင်က ပြောသည်။

ဘင်္ဂါလီများ ကျောင်းဆရာ ခန့်အပ်မည့် အစီအစဉ်တွင် ရသေ့တောင်မြို့နယ်က ဘင်္ဂါလီများလည်း ပါဝင်ပြီး ၂၀ ဦးခန့် လျှောက်ထားကြောင်း ရသေ့တောင်ပညာရေးမှူးရုံးက သိရသည်။

ဘင်္ဂါလီများကို ကျောင်းဆရာခန့်မည့် ကိစ္စနှင့်ပတ်သတ်၍  ဒေသခံရခိုင်တစ်ချို့က ကန့်ကွက်မှုများ ရှိနေသည်။