
(ရခိုင်ပြည်နယ် မြို့တော်စစ်တွေမြို့အတွင်း မေလ ၂၅ ရက်နေ့က ကျောင်းအပ်နှံလာသော မိသားစုတစ်ခုအား တွေ့ရစဉ်။ ဓါတ်ပုံ - သားသျှေလေး/DMG)
မေလ ၂၇ ရက်၊ ၂၀၁၇ ခုနှစ်၊ စစ်တွေ (DMG) ။ ။ ရခိုင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းထွက်လက်မှတ် တောင်းယူရာမှာ ဆရာ၊ ဆရာမများမှ အခကြေးငွေယူနေခြင်းကို တိုင်ကြားနိုင်ပြီး စိစစ်တွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဟု ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက DMG သို့ ပြောဆိုလိုက်သည်။
ရခိုင်ပြည်နယ်အတွင်း စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းထွက်လက်မှတ် တောင်းယူရာ၌ ဆရာ၊ ဆရာမများအား အခကြေးငွေ ပေးနေရသည့်အတွက် မိဘများက မကျေနပ်ကြဟု သတင်းထွက်ပေါ်နေခြင်းကို ပြည်နယ်ပညာရေးဌာနသို့ DMG မှ မေးမြန်းရာမှာ ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ ကျောင်းထွက်လက်မှတ်က အခမဲ့ပေးတာ၊ တစ်စောင်ကို ပိုက်ဆံဘယ်လောက် ယူရမှာလို့ ညွှန်ကြားထားတာ မရှိဘူး။ ကျောင်းထွက်လက်မှတ်တောင်းလို့ ဆရာ၊ ဆရာမတွေက အခကြေးငွေယူရင် မြို့နယ်ပညာရေးမှူးရုံးတွေကို တိုင်ကြားနိုင်ပါတယ်။ ဌာနဆိုင်ရာဆိုတော့ ထိရောက်စွာ အရေးယူမယ်ပေါ့ဗျာ။ ” ဟု ၎င်းကပြောသည်။
မြောက်ဦးမြို့အပါအဝင် မြောက်ဦးခရိုင်အတွင်း စာသင်ကျောင်းများ၌ ကျောင်းထွက်လက်မှတ် ထုတ်ယူရာတွင် ငွေကျပ် တစ်သောင်းထိ ပေးနေရကြောင်း DMG သို့ ခိုင်မာသော သင်တင်းရပ်ဝန်းမှ ပေးပို့ထားပြီး ပြည်နယ်ပညာရေးမှူးဌာနမှ ယခင်ထက် ထိရောက်သော စိစစ်မှုများ ပြုလုပ်သင့်ကြောင်း ယင်းသတင်းရပ်ဝန်းက ပြောဆိုထားသည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ဆရာ၊ ဆရာမအနေဖြင့် ကျူရှင်ပြသလျှင်လည်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တစ်စုံတစ်ရာ ကျေနပ်မှုမရှိခဲ့ပါက ရခိုင်ပြည်နယ်ပညာရေးမှူးရုံးသို့ တိုင်ကြားနိုင်ပြီး နစ်နာမှုရှိပါက အရေးယူသွားမည်ဟု ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက DMG ကို ထပ်မံပြောဆိုထားသည်။
ရခိုင်ပြည်နယ်အတွင်းမှာ ယခု ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်း အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းစုစုပေါင်း ၃၀၀ ကျော်ကို တိုးချဲ့ဖွင့်လှစ်ထားပြီး တစ်ပြည်နယ်လုံး အတိုင်းအတာအနေဖြင့် စာသင်ကျောင်းစုစုပေါင်း ၃၁၉၉ ကျောင်း ရှိကြောင်းလည်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။





