
သြဂုတ် ၂၈ ရက်၊ ခိုင်ရိုးလ
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရွာအတွင်းရှိ ကျေးရွာပိုင်မြေ ဈေးဟောင်းနေရာတွင် ပုဂ္ဂလိကပိုင်ဆိုင်သည်ဟုဆိုကာ ခြံခတ်နေသူအား ၄င်းကျေးရွာသားများမှ ယနေ့ သြဂုတ်လ ၂၈ ရက် နေ့လည် ၁၂ အချိန်က ပုဏ္ဏားကျွန်းမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါမြေမှာ ၁၉၈၄ ခုနှစ်မှ စည်ပင်သာယာရေးဈေးဖြစ်လာကာ ၂၀၀၆ ခုနှစ်တွင် ၄င်းဈေးကို တခြားနေရာသို့ပြောင်းရွှေ့စေခဲ့ပြီး ပလပ်မြေအဖြစ်ထားရှိခဲ့ခြင်းလည်းဖြစ်သည်ဟု ဆိုသည်။ လွန်ခဲ့သော သြဂုတ်လ ၁၈ ရက်နေ့မှာ ထိုမြေမှာ ပုဂ္ဂလိကပိုင်မြေအဖြစ် ခြံစည်းရိုးကာရံလာမှုကြောင့် ရွာသားများမကျေမနပ်ဖြစ်ကာ ထပ်ဆင့်ခြံစည်းရိုးကာရံမှုများပြုလုပ်လျှက်ရှိကြောင်းသိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ရခြင်းမှာ တိုက်နယ်ဆေးရုံပိုင်မြေအဖြစ် မြေစာရင်းပုံစံ ၁၀၅ ၊ ၁၀၆ ရရှိထားပြီးဖြစ်သော ထိုမြေအား ယိုးတရုပ်ကျေးရွာမှ ဦးရွှေကျော်ဆိုသူမှ သူ့အဘပိုင်သည်ဆိုသောမြေခွန်ပြေစာ အဟောင်းတစ်စောင်ကို ပုံမှားရိုက်ကာ ပုဏ္ဏားကျွန်း မြို့နယ်မှာလာတင်ပြခဲ့ပြီး သူပိုင်သည်ဟု မြို့နယ်တရားရုံး၏် စိစစ်ချက်အပေါ် ရွာသားများက ကျေနပ်မှုမရှိကြခြင်းဖြစ်သည်။
“ ဆန္ဒပြရတဲ့အဓိက အကြောင်းအရင်းက ယိုးတရုပ်တိုက်နယ်ဆေးရုံပိုင် ယခင်ဈေးဟောင်းမြေအား တရားရုံးဆုံးဖြတ်တာ၊ မြို့နယ်လယ်ယာစီမံခန့်ခွဲရေး ကော်မတီကဆုံးဖြတ်တာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့လုပ်ဆောင်ချက်ကို ကျေနပ်မှုမရှိလို့ အခုလို ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ် ” ဟု ဆန္ဒထုတ်ဖော်ရာမှာ အဖွဲ့ခေါင်းဆောင် ဦးမိုးသီးက ပြောသည်။
ယခုအခင်းဖြစ်ပွားနေသောမြေမှာ သူပိုင်ဆိုင်သည်ဟုဆိုကာ တရားရုံးမှ ဆုံးဖြတ်ပေးခဲ့သော မြေဧကတို့မှာ ကွဲလွဲနေကြောင်း ဆန္ဒထုတ်ဖော်မှုတွင် ကြီးကြပ်သူ ဦးအောင်သန်းထွန်း ထံမှသိရသည်။
ဦးအောင်သန်းထွန်းက “ အခုအခင်းဖြစ်ပွားနေတဲ့မြေဟာ ဧက ဒသမ ၃၀ ပဲရှိတာပါ။ သူအမှုဖွင့်ထားတာက ဧက ၁.၆၀ ပါ။ အဲဒီမှာကွဲလွဲနေပြီး အခုမြေဟာ မည်သည့်တစ်ခါမှ မြေခွန်ပြေစာမထွက်ပါ။ တရားရုံးမှာက ၁. ၆၀ ဆိုပြီးတော့ မြေခွန်ပုံမှားရိုက်ပြီးလုပ်ထားတာတွေ့ရပါတယ် ” ဟုပြောသည်။
ထိုမြေနေရာမှာ (၀.၃၀) ဧကရှိပြီး ကျေးရွာ၏ အချက်ချာကျသောနေရာတွင် ရှိနေခြင်းလည်းဖြစ်သည်။ ၄င်းနေရာအား တိုက်နယ်ဆေးရုံဝန်ထမ်းအိမ်ရာမရှိ၍ ဝန်ထမ်းများနေထိုင်ရန် အဆောင်ဆောက်မည်ဟု ရွာသားအားလုံးက ဘဘောတူဆုံးဖြတ်ထားကြောင်းသိရသည်။
ယနေ့ ဆန္ဒထုတ်ဖော်ရာတွင် ထိုမြေနေရာအား ရွာဘုံမြေအဖြစ် ရရှိရန် ၄င်းကျေးရွာသား ၅၀၀ ခန့်က (၁) တိုက်နယ်ဆေးရုံပိုင် မြေအဖြစ်ရရှိပြီးဖြစ်သော မြေစာရင်းပုံစံ ၁၀၅၊ ၁၀၆ ကို ထောက်ခံပါသည်။ (၂) ယိုးတရုပ်ဈေးဟောင်းမြေနေရာအား သက်ဆိုင်ရာတာဝန်ရှိသူများမှ အမြန်ဆုံးအမှန်တရားဖြစ်အောင် ဆောင်ရွက်ပေးရေး။ (၃) ယိုးတရုပ်ရွာဘုံမြေသည် ယိုးတရုပ်ရွာဘုံမြေဖြစ်ရမည်။ (၄) ယိုးတရုပ်ရွာဘုံမြေအား မတရားရယူရန် ကြိုးစားနေသူများအား အလိုမရှိ။ (၅) မတရားအမိန့်အာဏာဟူသမျှ ဖီဆန်ကြ။ ဟူ၍ အချက် (၅) ခုကိုကြွေးကြော်တောင်းဆိုခဲ့ကြသည်။
ယခုအမှုအား မှန်ကန်စွာမဆုံးဖြတ်ခဲ့လျှင် ဒီမြေယာပြဿနာအတွက် နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သမ္မတရုံးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံသို့ ဆက်လက်တိုင်ကြားသွားမည်ဟုလည်း ရွာသားများကပြောသည်။
ယိုးတရုပ်ကျေးရွာသည် အိမ်ခြေ ၁၅၀၀ ကျော်ရှိပြီး မြို့အဖြစ်လျှာထားခြင်းခံထားရကာ ကားလမ်း၊ ရထားလမ်း ပေါ်တွင်တည်ရှိပြီး ပုဏ္ဏားကျွန်းမြို့နယ်တွင် အကြီးဆုံးကျေးရွာလည်းဖြစ်သည်။




