အဆိုပါလမ်းပိုင်းနယ်မြေကို ဖောက်လုပ်နိုင်ရန် မေလ ၆ ရက်နေ့က ဒေသခံများမှ လမ်းနယ်မြေသတ်မှတ်ခဲ့ကြသည်။ ဓါတ်ပုံ - ဇော်အောင် (သားတော်မောင်)

ချမ်းအေး။ မေလ ၆ ရက်၊ ၂၀၁၈ ခုနှစ်။ မြောက်ဦးမြို့နယ်၊ ဥက္ကံကျေးရွာမှ ခွဆုံ - တိန်ညိုကျေးရွာ လမ်းပိုင်းသို့ ဆက်သွယ်ဖောက်လုပ်မည့် ပေ ၁၂၆၀၀ အရှည်ရှိသော မြေသားလမ်းပိုင်းကို ကျေးရွာမှကောက်ခံငွေနှင့် အလှူရှင်တချို့ထည့်ဝင်ငွေများဖြင့် ဒေသခံများက ကိုယ်ထူကိုယ်ထမြေသားလမ်းဖောက်လုပ်မည်ဟု သိရသည်။

အဆိုပါလမ်းပိုင်းနယ်မြေကို ဖောက်လုပ်နိုင်ရန် မေလ ၆ ရက်နေ့က ဒေသခံများမှ လမ်းနယ်မြေသတ်မှတ်ခဲ့ကြပြီး လာမည့် မေလ ၁၁ ရက်နေ့ကစပြီး လမ်းဖောက်သွားမည်ဟု လမ်းဖြစ်မြောက်ရေးအဖွဲ့မှ သိရသည်။

လမ်းအကျယ် ၂၇ ပေ၊ အရှည် ၁၂၆၀၀ ပေဖောက်လုပ်မှာဖြစ်ပြီး လမ်းပြီးဆုံးသွားပါက ကျေးရွာ ၆ ရွာမှ အသုံးပြုသွားလာမည်ဖြစ်ကြောင်း ဥက္ကံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းအေးလှက ပြောသည်။

ရည်ရွယ်ချက်ကတော့ ဖွံ့ဖြိုးတိုးတက်အောင်ပေါ့။ ကျေးရွာမှာကျန်းမာရေး၊ ပညာရေးစတာတွေ အဆင်ပြေအောင် ရပ်ရွာတစ်ခုဆိုရင်လည်း ကုန်းလမ်းကားလမ်းတစ်ခုမရှိရင် အဆင်မပြေဘူး။ အခုရေကြောင်းကနေ သွားလာနေရလို့ ကျေးရွာသားတွေအတွက် အဆင်မပြေဘူး။ အခက်အခဲတွေ တော်တော်ကြုံရတယ်။ ဒါကြောင်းကုန်းလမ်းတစ်လမ်းကိုတက်နိုင်သလောက် ဖောက်လုပ်မှာ” ပြောပါသည်။

အဆိုပါ ကိုယ်ထူကိုယ်ထလမ်းကို ဖောက်လုပ်နိုင်ရန် ငွေကျပ် သိန်း ၁၀၀ ကျော်ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း၊ လက်ရှိတွင် ငွေကျပ် သိန်း ၆၀ ခန့်ရရှိထားပြီး ကျန်ငွေများကို အလှူရှင်များ ရှာဖွေကာ ဖောက်လုပ်သွားမည်ဖြစ်ကြောင်း၊ လမ်းအကောင်အထည်ဖော်ပြီးပါက ယင်းမဲဆန္ဒနယ်၏ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်ပင်ပြီး လွှတ်တော်ကနေ မြေသားလမ်းဆင့်မြင့်ရေးပိုင်းကို ဆောင်ရွက်သွားမည်ဟု လမ်းဖြစ်မြောက်ရေးအဖွဲ့မှ သိရသည်။

ဥက္ကံကျေးရွာအပါအဝင် အနီးအနားရှိ ကျေးရွာ ၆ ရွာတွင် ရွာချင်းဆက် လမ်းများမရှိခြင်းကြောင့် ရေလမ်းကိုအသုံးပြုနေရပြီး ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးစသည်တို့တွင် အခက်ခဲများ ဖြစ်ပေါ်နေကြောင်း၊ အထူးသဖြင့် ကားလမ်းရှိရာသို့ စက်လှေဖြင့် တစ်နာရီခန့် သွားရသည့်အတွက် ကျန်းမာရေး တစ်စုံတစ်ခု ဖြစ်ပေါ်လာပါက အရေးပေါ်ကုသရန် အခက်အခဲရှိနေကြောင်း ဥက္ကံကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းအေးက ပြောသည်။

Author: ချမ်းအေး/DMG