
(ကျောက်ပန်းဒူဘုန်းတော်ကြီးကျောင်း၌ ခိုလှုံနေသော သင်္ဘောကွေ့ကျေးရွာမှ မိသားစုတစ်စုအား တွေ့ရစဉ်။ ဓါတ်ပုံ - အောင်ချေ၊ DMG)
ဇူလိုင်လ(၂၅)၊၂၀၁၈ ခုနှစ်၊ ချလူးအောင်/DMG
ကျေးရွာဖြိုဖျက်ခံရပြီးနောက်ပိုင်း သင်္ဘောကွေ့ကျေးရွားသားများမှာ ကျောက်ပန်းဒူ ဘုန်းတော်ကြီး၌ ယာယီခိုလှုံနေကြရာ မကြာမီ ဝါတွင်းကာလ ကျရောက်တော့မည်ဖြစ်၍ အဆိုပါ ဘုန်းတော်ကြီးကျောင်း၌ နေထိုင်ရန် အဆင်မပြေသောကြောင့် ကျေးရွာသစ်အမြန်ဆုံးလိုအပ်နေသည်ဟု သိရသည်။
မကြာမီကျရောက်မည့် ဝါတွင်းကာလတွင် ဘုန်းတော်ကြီးကျောင်း၌ ဥပုသ်လာစောင့်သူများအတွက် နေရာအခက်အခဲ ရှိမည်ဖြစ်၍ ခိုလှုံနေသော သင်္ဘောကွေ့ရွာသားများကို နေရာပြောင်းရွှေ့ပေးရန် ဆရာတော်မှ မိန့်ကြားထားသည်။
မောင်တောမြို့မိမြို့ဖအဖွဲ့ဝင် ဦးအောင်ကျော်ညွှန့်က “ ဟုတ်ပါတယ်။ ဒီနေ့ဘဲ့ ကျွန်တော်တို့ ဆရာတော်ကြီးတွေနဲ့ ဆွေးနွေးကြမှာပါ။ နောင်ပြီး မြို့နယ်အုပ်ချုပ်ရေးထံတင်ပြကာ အကောင်းဆုံး အမြန်ဆုံး ကူညီဆောင်ရွက်နိုင်အောင် စီမံသွားမှာပါ။ ” ဟု ပြောသည်။
လူဦးရေ ၄၀၀ ခန့်က တည်ထောင်ခဲ့သည့် သင်္ဘောကွေ့ကျေးရွာကို အစိုးရက နိုင်ငံတကာဖိအားကြောင့် ဆိုပြီး ရွာသစ်မတည်ရန် ကန့်ကွက်ကာ ယင်းကျေးရွာကို ဖြိုဖျက်ခဲ့ကြသည်။
သင်္ဘောကွေ့ကျေးရွာသစ်ဖြိုဖျက်ခံရပြီးနောက် တိုင်းရင်းသားများမှာ နေစရာအခက်အခဲဖြစ်သွားသည့်အတွက် အခြားနေရာတစ်ခုခုတွင် ကျေးရွာသစ်တည်ဆောက်ရန် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌထံ ဇူလိုင်လ ၁၈ ရက်နေ့က ရွာသူရွာသားများမှ တင်ပြတောင်းဆိုခဲ့ကြသည်။
မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူးကလည်း သင်္ဘောကွေ့ကျေးရွာသားများအတွက် ရွာသစ်တည်ထောင်နိုင်ရန်နှင့် တည်ထောင်ပါက လိုအပ်သည့် အကူအညီများ ရရှိရေးအတွက် ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုသွားမည်ဟု သိရသည်။




