ဇူလိုင်လ ၁၈ ရက်၊ ၂၀၁၈ ခုနှစ်။ ။ ကျေးရွာ ၁၂ ရွာပါဝင်မည့် ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်ကို မြို့ခွဲအဖြစ်သတ်မှတ်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်နေကြောင်း သိရသည်။
ရွာဟောင်း၊ နဂါး ဇရပ်ပြင်၊ ကွမ်းအိုင်၊ အရှေ့ဖက်မော်၊ ကင်းဆိပ်ပြင်၊ ငပြီချောင်း၊ သရက်ချိုရွာထက်၊ စပါးတုံ၊ တောလယ်၊ ကျောက်တွေ အစရှိသော ကျေးရွာမြေဧက ၁၆၀၀ ကျော်ခန့်ကို မြို့မြေအဖြစ်သတ်မှတ်ရန် တိုင်းတာဆောင်ရွက်နေသည်ဟု လေးတောင်မြို့ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူ ကိုအောင်နိုင်ထွန်းက ဆိုသည်။
“ မြို့ဖြစ်မြောက်ရေးအတွက် တာဝန်ရှိသူတွေနဲ့ ကွင်းဆင်းလေ့လာပြီး တိုင်တာနေကြတယ်။ လေးတောင်တိုက်နယ်မှာ ကျေးရွာပေါင်း ၁၅ ရွာရှိတယ်။ မြို့ဧရိယာအဖြစ်တော့ ကျေးရွာ ၁၂ ရွာကို သတ်မှတ်ထားတယ်။ မြေဧက ၁၆၀၀ ကျော်လောက် ရှိတယ်။ ” ဟု ပြောသည်။
ယခင်က သရက်ချိုမြို့ဟု အစိုးရမှ သတ်မှတ်ထားပြီးဖြစ်သော်လည်း ဒေသခံများမှ လေးတောင်မြို့ အဖြစ်ဟု ပြောင်းလဲသတ်မှတ်ရန် ကျေးရွာပေါင်း ၁၄ ရွာမှ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပြီး ယခုအခါ အစိုးရမှ လေးတောင်မြို့အဖြစ် သတ်မှတ်ပြောင်းလဲပေးခဲ့သည်။
လာမည့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် မြို့အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။
လေးတောင်တိုက်နယ်သည် အဓိက ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး ယခုလို လေးတောင်မြို့ဟု ဖြစ်လာခဲ့လျှင် ဒေသခံများအနေဖြင့် အလုပ်အကိုင်များ ရရှိလာမည်ဖြစ်သလို လမ်းပန်း ဆက်သွယ်ရေး၊ ကျန်းမာရေးနှင့် ပညာရေး စသော အရာများလည်း တိုးတက်ကောင်းမွန်လာမည်ဟု ဒေသခံများမှ မျှော်လင့်နေကြသည်။




