
(ယိုးတရုပ် ကျေးလက်စကားဝိုင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - ယိုးတရုပ်က ဘောက်ကသျှေ)
ဇူလိုင် ၈ ရက်၊ ၂၀၁၈ ခုနှစ်၊ ခင်သရဖီဦး / DMG
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာတွင် ပြည်သူ့စကားဝိုင်းတစ်ခုကို မြို့နယ်ပြည်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြီး ဇူလိုင် ၈ ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည်ဟု သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်နိုင်ရန် စိုက်ပျိုးရေးနည်းပညာများ၊ ပညာရေး၊ ကျန်းမားရေး လမ်းပန်းဆက်သွယ်ရေး စသည်တို့အပြင် ဆည်များ၊ လျှပ်စစ်မီးများ ရရှိနိုင်ရေးတို့ကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ပြည်သူများအနေဖြင့် မိမိတို့၏ ဆန္ဒသဘောထားများ၊ လိုအပ်ချက်များကို ပွင့်လင်းစွာ တင်ပြပြောဆိုနိုင်စေရန်နှင့် အများပြည်သူရှေ့တွင် မကြောက်မရွံ့ တင်ပြပြောဆိုတတ်အောင် ပြည်သူ့စကားဝိုင်း ပြုလုပ်ရခြင်းဖြစ်သည်ဟု မြို့နယ်ပြန်ဆက်ဦးစီးမှူး ဦးလှဘော်သူက ပြောသည်။
“ ဒီမိုကရေစီ အင်္ဂါရပ်နှင့်အညီ အများပြည်သူနဲ့ အစိုးရကြားမှာ လိုအပ်ချက် ဆန္ဒသဘောထားတွေကို တင်ပြပိုင်ခွင့်ရရှိအောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ပြည်သူတွေက မိမိဒေသမှာ လိုအပ်ချက်တွေကို လွတ်လပ်စွာ ပွင့်ပွင့်လင်းလင်း ပြောရဲဆိုခွင့်ရရှိအောင်၊ ပြီးတော့ အများပြည်သူတွေရှေ့မှာ ပြောစွမ်းဆိုစွမ်းရှိအောင်၊ ပြည်သူတွေ အရည်သွေးမြင့်မားလာအောင် ပြန်ဆက်ဦးစီဌာနက ဦးဆောင်ပြီး ကျင်းပခြင်းဖြစ်ပါတယ်။ ” ဟု ပြောသည်။
အဆိုပါ စကားဝိုင်းသို့ ယိုးတရုပ်အပါအ၀င် ကျေးရွာငါးရွာမှ လူပေါင်း၂၅၀ ခန့် တက်ရောက်ခဲ့ပြီး မြို့နယ်ပြန်ဆက်ဦးစီးမှူး ဦးလှဘော်သူ၊ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းမောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဌေး၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးကျော်သန့်ဇင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသန်းစိုး၊ မြို့နယ်မွေး/ကု ဒုဦးစီးမှူး ဒေါက်တာ ခိုင်မင်းဇံနှင့် မြန်မာနိုင်ငံစာ ရေးဆရာအသင်းဝင် စာရေးဆရာ ဦးလှရွှေတို့က ဦးဆောင်ဆွေးနွေးခဲ့သည်ဟု သိရသည်။




