ချလူးအောင်/DMG

နိုဝင်ဘာလ ၁၃၊မောင်တော

ARSAအကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းခံလိုက်ရသည့် မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာက  မြိုတိုင်းရင်းသူ ဒေါ်စံကောတွင် ဆယ်ကျော်သက်အရွယ် သားသမီးလေးဦး ကျန်ရစ်ခဲ့သည့်အနက် သားကြီးဖြစ်သူ မောင်ရန်နိုင်မှာ ငွေကြေး အခက်အခဲများ ရှိသောကြောင့် ပညာသင်ခွင့်ဆုံးရှုံးနေသည်။

မောင်ရန်နိုင်၏ မိသားစုမှာ မိခင်မရှိတော့သည့်နောက်ပိုင်း ဖခင်ဖြစ်သူသာ အလုပ်လုပ်ကိုင်ကာ ရှာဖွေ ကျွေးမွေးနေခြင်းဖြစ်သော်လည်း ငွေကြေးလုံလောက်မှုမရှိသောကြောင့်  နဝမတန်းအောင်မြင်သော်လည်း ယခုနှစ် ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်း သင်ယူရန် အခက်အခဲရှိနေခြင်းဖြစ်သည်။  

“ ကျွန်တော်ကျောင်းအရမ်းတက်ချင်တယ်။ အခုအဖေရဲ့အလုပ်ကလည်း အဆင်မပြေဘူး တစ်နေ့လုပ်မှ တစ်နေ့စားရတာဆိုတော့ အဆင်မပြေဘူး။  ကလေးထိန်းတာကတော့ ကျွန်တော်ရဲ့နေ့စဉ် အလုပ်တစ်ခုပါ”ဟု မောင်ရန်နိုင်က ဆိုသည်။

မောင်ရန်နိုင်မှာ ညီကိုမောင်နှမ လေးယောက်ရှိသည့်အနက် ညီတစ်ယောက်နှင့် ညီမတစ်ယောက်မှာ ကျောင်းတက်နေကြပြီး အငယ်ဆုံးညီမကို သူက ထိန်းပေးနေရသည်။

“ အဖေက အလုပ်သွားတော့ အိမ်မှာက အကြီးဆိုလို့ ကျွန်တော်တစ်ယောက်ပဲ ရှိတာလေ။ ညီတစ်ယောက် ညီမတစ်ယောက်ကတော့ ကျောင်းတက်နေကြတယ်။ အငယ်ဆုံးတစ်ယောက်ကိုတော့ ကျွန်တော်ထိန်းပေး နေရတယ်”ဟု မောင်ရန်နိုင်ကဆိုသည်။

ကိုင်းကြီးကျေးရွာတွင် ၂၀၁၇ ခုနှစ်သြဂုတ်လအတွင်းက ARSA အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးသွားသည့် မြိုတိုင်းရင်းသူ/တိုင်းရင်းသား ၈ဦးထဲတွင် မောင်ရန်နိုင်၏မိခင်လည်း ပါဝင်သွားခဲ့ခြင်း ဖြစ်သည်။

 

Author: ချလူးအောင်