စစ်တွေ၊ အောက်တိုဘာ ၂၃၊ ၂၀၁၇ ခုနှစ်။    ။     ငွေကြေးအလွဲသုံးစားမှုကြောင့် ရခိုင်အမျိုးသားပါတီ (ANP) ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခံရသည့် စစ်တွေမြို့နယ်ပါတီ အတွင်းရေးမှူး ဦးအောင်သန်းဝေမှာ ငွေကြေးအလွဲသုံးစားမှုဆိုသည့်ကိစ္စကို ပြည်သူလူထုရှေ့တွင် ပွင်းလင်းမြင်သာစွာ ချပြပေးရန် ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်ကို တောင်းဆိုထားသည်။

ဦးအောင်သန်းဝေမှာ ပါတီ၏ ရံပုံငွေ ကျပ် ၈၁ သိန်းကျော်ကို အလွဲသုံးစားပြုလုပ်သည်ဟုဆိုပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင်များ၏ ဆုံးဖြတ်ချက်ဖြင့် ပါတီမှ ထုတ်ပယ်ခဲ့သည်။

ဦးအောင်သန်းဝေမှာ ယင်းငွေများကို အလွဲသုံးစားခြင်းမရှိဟုပြောဆိုကာ လူမှုကွန်ယက်ကနေ တဆင့် ဗီဒီယိုဖိုင်ကို ရခိုင်ပြည်သူသို့ချပြပြီး ANP ပါတီအနေဖြင့်လည်း ယခုကိစ္စကို အများပြည်သူရှေ့တွင် ပွင့်လင်းမြင်သာစွာ ရှင်းလင်းပေးရန် တောင်းဆိုခဲ့သည်။

ဦးအောင်သန်းဝေက “ ကျနော်ကတော့ တောင်းဆိုထားပါတယ်။ ကျနော်နဲ့ မသက်ဆိုင်၊ မပတ်သက်။ ဒီငွေတွေကို ကျနော် စီမံခန့်ခွဲပိုင်ခွင့်မရှိပါ။ စစ်ဆေးဖို့ခေါ်လို့ မလာတာတွေ၊ ငွေကြေးအလွဲသုံးစားမှု ကိစ္စတွေကို ပါတီဗဟိုကော်မတီထဲမှာ စည်းကမ်းသိမ်းရေးအဖွဲ့၊ ဘဏ္ဍာရေးကော်မတီတွေ ပြည်သူသိအောင် ပြည်သူယုံကြည်မှုကို အလွဲသုံးစားမလုပ်ဘဲနဲ့ မိမိဆီသို့ ဝင်ရောက်လာသည့် ငွေကြေးနဲ့ သုံးစွဲမှုစာရင်းဇယား၊ ကျနော်တို့ကို စွပ်စွဲထားတဲ့ အပိုင်းနဲ့ သုံးစွဲမှု စာရင်းဇယားကို ပြည်သူရှေ့မှာ အမှန်တရားအတွက် ပွင့်လင်းမြင်သာစွာ ချပြီးတော့ ဌာချုပ်ကို ကျနော်ဖိတ်ခေါ်ထားပါတယ်။ ” ဟု ပြောသည်။ 

၂၀၁၆ ခုနှစ်က စစ်ဘေးရှောင်ဒုက္ခသည်များအတွက် အလှူရရှိသည့် ငွေကျပ် သိန်း ၁၂၃ သိန်းကို ယခင် ဥက္ကဌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းက ကိုင်တွယ်သုံးစွဲခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် ၆ လပိုင်းက ဦးအေးသိန်းမှာ ဥက္ကဌ နေရာက နုတ်ထွက်ခဲ့ပြီး ကျန်ရှိသည့် ငွေကျပ် ၈၁ သိန်းကျော်ကို ဒုဥက္ကဌ ဦးသန်းမောင်က ဆက်လက်ကိုင်တွယ်သုံးစွဲခဲ့သည့်စာရင်း၊ မြို့နယ်ပါတီရံပုံငွေထဲက ငွေကျပ် ၁၂၉၂၀၀ ကို စိုက်ပြီးသုံးစွဲခဲ့သည့် စာရင်း၊ ယခင်ဥက္ကဌ ဦးအေးသိန်း သုံးစွဲခဲ့သည့်စာရင်း ပေါင်းချုပ်စာရင်းများကို မြို့နယ်ပါတီအစည်းအဝေးကနေတဆင့် ပါတီဌာနချုပ်သို့ ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် တင်ပြထားခဲ့ကြောင်း ဦးအောင်သန်းဝေက ပြောသည်။

အဆိုပါကိစ္စအပါအဝင် ဦးအောင်သန်းဝေနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ၏ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဌ ဦးခိုင်ပြည်စိုးက ပြောစရာစကားမရှိဟု DMG ကို ပြောသည်။

“ ပါတီက တရားဝင်ထုတ်ပယ်ထားတဲ့ သူကို ကျနော်တို့က ပြောစရာစကားမရှိပါ။ ဆိုလိုချင်တာကတော့ သူ့ရဲ့အခန်းကဏ္ဍဟာ ပြီးဆုံးသွားပြီလို့ ပြောချင်ပါတယ်။ ” ဟု ပြောသည်။

ရခိုင်အမျိုးသားပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်သည့် ရခိုင်အမျိုးသားပါတီ စစ်တွေမြို့နယ် အတွင်းရေးမှူး ဦးအောင်သန်းဝေမှာ မြို့နယ်ပါတီကော်မတီဝင်များက သဘောတူညီချက်ဖြင့် လစ်လပ်နေသည့် ဥက္ကဌနေရာတွင် တာဝန်ထမ်းဆောင်ဖို့ ပြန်လည် ယာယီတာဝန်ပေးအပ်းခြင်းခံရသည်။

 

Author: နေရောင်မင်း(စစ်တွေ)