(ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ခွာသွားကြမည့် ဘင်္ဂါလီများနှင့် မောင်တောခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့တို့ တွေ့ဆုံကြစဉ်။ ဓါတ်ပုံ - ချလူးအောင်/DMG)

မတ်လ ၈ ရက်၊ ၂၀၁၈ ခုနှစ်။   ။  ဘူးသီးတောင်မြို့နယ်အတွင်းက ဘင်္ဂါလီတချို့မှာ မတ်လ ၄ ရက်နေ့က စတင်ပြီး တစ်ဖက် ဘင်္ဂလားဒေရှ့်နိုင်ငံ ဖက်ကို ထွက်ခွာနေခြင်းသည် တစ်ဖက်နိုင်ငံကိုရောက်ရှိနေသည့် ဆွေးမျိုးများက ဘင်္ဂလားဒေ့ရှ်ဖက်ကို အချိန်မရွေးလာနိုင်ကြောင်းနှင့် နိုင်ငံတကာအကူအညီ များစွာပေးနေကြောင်း စသည့်ပြောဆိုမှုများကြောင့် မိမိတို့၏ သဘောဆန္ဒအရ ထွက်ခွာရခြင်းသာဖြစ်ကြောင်း ထွက်ခွာဘင်္ဂါလီများက ပြောဆိုကြသည်။

ယင်းသို့ ဘင်္ဂလားဒေ့ရှ့်နိုင်ငံဖက်ကို ထွက်ခွာရန်အတွက် မောင်တောမြို့နယ် ဂေါ်ဒူသာရကမ်းခြေတွင် ယာယီတဲအိမ်များဆောက်လုပ်ကာ နေထိုင်နေကြသည့် ဘင်္ဂါလီများကို မတ်လ ၇ ရက်နေ့က မောင်တောခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့ သွားရောက်တွေ့ဆုံစဉ် ဘင်္ဂါလီများက ယင်းသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဘင်္ဂလီများဖက်မှပြောဆိုရာတွင် မိမိတို့အနေဖြင့် မိမိ၏သဘောဆန္ဒအလျှောက်သာ ဘင်္ဂလာဒေရှ့်နိုင်ငံသို့ ထွက်ခွာရခြင်းဖြစ်ကြောင်း၊ မြန်မာဖက်မှာ လုပ်ကိုင်စားသောက်မှုအဆင်မပြေခြင်း၊ တောင်တောများသို့ သွားရောက်ပြီး ထင်းခုတ်၊ ဝါးခုတ်ခြင်းအလုပ်များကို မလုပ်ကိုင်နိုင်သည့်အတွက် စားဝတ်နေရေး အဆင်မပြေဖြစ်လာပြီး တစ်ဖက်နိုင်ငံသို့ရောက်ရှိနေသည့် ဆွေမျိုးများကလည်း  ဘင်္ဂလားဒေရှ့်နိုင်ငံတွင် နိုင်ငံတကာမှ အကူညီအထောက်ပံ့များပေးနေကြောင်း၊ မြန်မာဖက်မှာ အဆင်မပြောလျှင် ဘင်္ဂလားဒေရှ့်ဖက်သို့ အချိန်မရွေးလာရောက်နိုင်ကြောင်း၊ တစ်ဖက်နိုင်ငံသို့ရောက်ရှိအောင် လှေပါစီစဉ်ပေးမည်ဟု ဖိတ်ခေါ်ခြင်းကြောင့် လာရောက်ရခြင်းဖြစ်ကြောင်း ဘင်္ဂါလီခေါင်းဆောင်များက ပြောဆိုခဲ့ကြောင်းသိရသည်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ မိမိတို့နေရပ်ဖြစ်သည့် ဘူးသီးတောင်မြို့နယ်သို့ ပြန်လိုပါက လုံခြုံရေး အစီစဉ်များပေးမည်ဖြစ်ကြောင်း၊ ရောက်လျှင်လည်း လိုအပ်သည့် စာနပ်ရိက္ခာများအားလုံး ကူညီပေးမည်ဖြစ်ကာ ပြန်လိုပါလားဟု မေးမြန်းခဲ့သော်လည်း ဘင်္ဂါလီခေါင်းဆောင်များဖက် မပြန်လိုတော့ကြောင်း ဘင်္ဂါလားဒေရှ့် နိုင်ငံသို့သာ သွားရောက်မည်ဖြစ်ပြီး  စားနပ်ရိက္ခာနှင့်သောက်ရေများကို ICRC မှ လာရောက်ကူညီပေးမည်ဟု ဆက်သွယ်ထားကြောင်း ဖြေကြားခဲ့သည်ဟု သိရသည်။

ယင်းသို့ ထွက်ခွာကြခြင်းနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာမှ ဘင်္ဂါလီတစ်ဦးဖြစ်သူ မာမတ်ဆာဒက်ကပြောဆိုရာတွင် အေးချမ်းစွာနေထိုင်လိုသူများ၊ ဈေးဆိုင်ရောင်းစားသူများအနေဖြင့် ဘင်္ဂလားဒေရှ်ကဖက်ကို မသွားသလို၊ တစ်နေ့လုပ်တစ်နေ့စား လက်လုပ်လက်စား သူများသာ တောတောင် များသို့တက်ပြီး လုပ်ကိုင်စားသောက်၍မရသဖြင့် ထွက်ခွာကြခြင်းဖြစ်သလို တစ်ဖက်နိုင်ငံဘက်မှလည်း ခေါ်နေကြခြင်း၊ ကူညီထောက်ပံ့မှုများလည်းရရှိနေခြင်းကြောင့် သွားနေကြခြင်းဖြစ်ကြောင်းပြောဆိုခဲ့သည်။

Author: ချလူးအောင်