(တောင်ကုတ်ကျောင်းသားသမဂ္ဂနှင့် သုံးဘီးဆိုင်ကယ်မောင်းနှင်သူများ ဆွေးနွေးနေကြစဉ်။    ဓာတ်ပုံ - တောင်ကုတ်ကျောင်းသားသမဂ္ဂ)

ခင်သရဖီဦး / DMG

ဇွန်လ ၂၅ ရက် ၊ ၂၀၁၈ ခုနှစ်။      ။ တောင်ကုတ်မြို့ရှိ တောင်ကုတ်ဒီဂရီကောလိပ်တွင် သုံးဘီးဆိုင်ကယ်စီးနင်းခ ကျပ် ၄၀၀ အထိ မြင့်တက်လာ၍ ကျောင်းသား၊ ကျောင်းသူများ အခက်အခဲဖြစ်နေကြောင်း သိရသည်။

သုံးဘီးစီးနင်းခသည် ကျပ် ၂၀၀ ကနေ တဖြေးဖြေးမြင့်တက်လာသည်ဟု တောင်ကုတ်ဒီဂရီကောလိပ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းခန့်မောင်မောင်က ပြောသည်။

“ ဈေးက အရင်ကထက် ၁၀၀ စီတိုးလာပါတယ်။ ၂၀၀ ကနေ ၃၀၀ တင်လာတယ်။ အခု ၄၀၀ ကျပ် ဖြစ်လာတယ်။ အသွားအပြန်ဆိုရင် ၈၀၀ ကျပ်ဖြစ်သွားပြီ ဆိုတော့ ကျနော်တို့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အဆင်မပြေဘူး။ သုံးဘီးသမားတွေလည်း အဆင်မပြေတာ သိပါတယ်။ ဒါပေမဲ့ ဒါကို ညှိနှိုင်းသွားပါမယ်။ ” ဟု ပြောသည်။

သုံးဘီးစီးနင်းခ ဈေးမြင့်တက်ခြင်းနှင့် ပတ်သက်ပြီး တောင်ကုတ်ဒီဂရီကောလိပ်ရှိ ကျောင်းသားသမဂ္ဂရုံးတွင် သုံးဘီးမောင်းနှင်သူများနှင့် ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတို့ ဇွန်လ ၂၃ ရက်က ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ သုံးဘီးမောင်းနှင်တဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ပါတယ်။ တွေ့ဆုံမှုက ရလဒ်ကတော့ မရသေးပါ။ တဖြည်းဖြည်းနဲ့ ဆက်လက်လုပ်သွားရဦးမယ်။ ” ဟု ပြောသည်။

သုံးဘီးစီးနင်းခ ဈေးမြင့်တက်ခြင်းမှာ ဆီဈေးတစ်ဂါလံကို ယခင် ကျပ် ၃၂၀၀ ကနေ ယခုကျပ် ၄၄၀၀ ပေးဝယ်ရသည့်အတွက် ဖြစ်ကြောင်း၊ အစိုးရဆီက ဆီပေးလျင် ယခင်ဈေးနှုန်းအတိုင်း ကောက်ခံမည်ဖြစ်ကြောင်း တောင်ကုတ်မြို့နယ် သုံးဘီးဆိုင်ကယ်အသင်း ဥက္ကဋ္ဌ ဦးဦးလှဖြူက ပြောသည်။