(တောင်ကုတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်နေစဉ်။ ဓာတ်ပုံ - ဇေယျာလင်း(ငပလီ))

 

ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၁၇ ခုနှစ်     ။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်၊ မန်းဘခိုင်လမ်းပေါ်က နေအိမ်တစ်လုံးမှာ ဒီဇင်ဘာလ ၂၄ ရက်၊ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မီလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း တောင်ကုတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

 

မီးလောင်ကျွမ်းသွားသည့်နေအိမ်မှာ သွပ်မိုးပျဉ်ထောင်ကာ နေအိမ်အမျိုးအစားဖြစ်ပြီး နံနက် ၇ နာရီ ၄၈ မိနစ်ခန့်မှာ မီးလောင်နေကြောင်းသတင်းရရှိသဖြင့် မီးသတ်ကား ၄ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦးဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ကာ ၈ နာရီခန့်မှာ မီးထိန်းနိုင်ခဲ့ပြီး ၈ နာရီ ၅ မိနစ်မှာ မီးကို အောင်မြင်စွာ ငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ပြောသည်။

 

(တောင်ကုတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်နေစဉ်။ ဓာတ်ပုံ - ဇေယျာလင်း(ငပလီ))

 

အိမ်မှာတပ်ဆင်ထားသည့် မီးပလပ်ခုံမှ ဝါယာရှော့ဖြစ်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် အနီးနားမှ နေအိမ်တစ်လုံး၏ နံရံနှင့် ခေါင်းမိုးအစွန်းများ မီးအနည်းငယ်လောင်ကျွမ်းခံခဲ့ရသလို နေအိမ်တစ်လုံး၊ ဆိုင်ကယ်တစ်စီးအပါအဝင် စုစုပေါင်း ဆုံးရှုံးမှု ခန့်မှန်းငွေ ကျပ်သိန်းနှစ်ဆယ်ခန့်ရှိကြောင်း သိရသည်။

 

တောင်ကုတ်မြို့နယ်မှာ ယခုနှစ် မတ်လအတွင်းကလည်း မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှုအများစုမှာ ပေါ့ဆမီများကြောင့်ဖြစ်သည်ဟု တောင်ကုတ်မြို့နယ် မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးကျော်ဝင်းမောင်က ပြောသည်။

 

အဆိုပါ မီးလောင်သွားခဲ့သည့်နေအိမ်မှာ လသားအရွယ်ကလေးတစ်ဦး၊ အဘွားအိုတစ်ဦးအပါအဝင် စုစုပေါင်း လူခြောက်ဦး နေထိုင်ပြီး ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ပေ။

 

 (တောင်ကုတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်နေစဉ်။ ဓာတ်ပုံ - ဇေယျာလင်း(ငပလီ))