
ခိုင်ရိုးလ / DMG
နိုဝင်ဘာ ၇ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ တောင်ကုတ်ဒီဂရီကောလိပ်ကို တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ရန် ပညာရေးဝန်ကြီးဌာနသို့ တက္ကသိုလ်တစ်ခု၏ အင်္ဂါရပ်ဖွဲ့စည်းပုံကို စာရင်းပြုစု၍ ပြီးခဲ့သည့် ရက်ပိုင်းက တင်ပြလိုက်ပြီဟု တောင်ကုတ်ဒီဂရီကောလိပ် ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဆွေက DMG ကိုပြောသည်။
တာင်ကုတ်ဒီဂရီကောလိပ်အား တက္ကသိုလ်အဖြစ် တိုးမြှင့်ပေးနိုင်ရန်အတွက် လိုအပ်သည့် စာရင်းဇယားများကို တင်ပြရန် နိုဝင်ဘာလ ၂ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနက အကြောင်းကြား ခြင်းဖြစ်သည်။
“သူတို့က တက္ကသိုလ်တစ်ခုရဲ့ အင်္ဂါရပ်ဖွဲ့စည်းပုံကို တင်ခိုင်းလို့ ကျွန်တော်တို့ တင်ထားခဲ့တာပါ။ လိုအပ်တဲ့ အချက်အလက်တွေကို တောင်းခံထားတဲ့အတွက် ပို့ထားတာပါ။ သူတို့က တင်ခိုင်းလို့ ပို့ထားဆဲပဲ ရှိပါတယ်။ ကျန်တဲ့အဖြေတွေ မသိရသေးပါဘူး ” ဟု တောင်ကုတ်ဒီဂရီကောလိပ် ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဆွေက ဆိုသည်။
တောင်ကုတ်ဒီဂရီကောလိပ်အား တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ပေးရန်အတွက် ပြီးခဲ့သည့် ဇွန်လအတွင်းက တင်ပြခဲ့ပြီးသည်။ ယင်းနောက်တွင် တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ရန်အတွက် လိုအပ်သည့် စာရင်းဇယားများကို ပညာရေးဝန်ကြီးဌာနက တောင်းခံလိုက်ခြင်းဖြစ်သည်။
“ပညာရေးဌာနက ဘယ်အချိန် တိုးမြှင့်ပေးမယ်ဆိုတာကို အတိအကျပြောမရသေးပါဘူး။ အဲဒီက ထုတ်ပြန်ချက်ထွက်မှပဲ တက္ကသိုလ်ဖြစ်လာမှာပါ ”ဟု ၎င်းကပြောသည်။
တောင်ကုတ်ကောလိပ်ကို ၂၀၁၂ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ကာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ဒီဂရီကောလိပ်သို့ အဆင့်မြှင့်တင်ခဲ့ပြီး ယခုအခါတွင် တက္ကသိုလ်အဖြစ်တဖန် အဆင့်မြှင့်တင်ရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။




