ဇူလိုင်လ ၁၄ ရက်၊ ၂၀၁၈ ခုနှစ်၊ အောင်ကောင်းဇော် /DMG

မာန်အောင်မြို့ပေါ်ရှိ အနောက်စု မီးသင်္ဂြီုဟ်ဖို ပျက်စီးနေမှုကို  Myanmar Idol Season 2 Winner တေးသံရှင် သားငယ်၏ မတည်လှူဒါန်းငွေ ၁၇ သိန်းဖြင့် ပြန်လည်ပြုပြင်နေကြောင်း သိရှိရသည်။

ကိုသားငယ်၏ မတည်ငွေဖြင့် မီးသင်္ဂြီုဟ်ဖိုပျက်စီးနေမှုကို တတိယအကြိမ်မြောက် ပြုပြင်နေခြင်းဖြစ်ပြီး ပြင်ပအလှူရှင်များ၏ ထည့်ဝင်ငွေများလည်းပါရှိကြောင်း မာန်အောင်မြို့နယ် စေတနာရှင်လူငယ်များ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူ ကိုကျော်မိုးနိုင်က ပြောသည်။

“ ဒီသုဿန်က မီးသင်္ဂြီုဟ်ဖိုက မာန်အောင်မြို့ပေါ်ရပ်ကွက် ၅ ခုအပါအ၀င် ဆေးရုံမှာ သေဆုံးသွားသူတွေအတွက် သုံးကြတယ်။ မီးသင်္ဂြီုဟ်ဖိုဆိုတာက အုတ်၊ သံတွေနဲ့ ဖိုတည်ပြီး ထင်းနဲ့ အသုံးပြုရတာ။ အခု ပြုပြင်တာကတော့ တတိယအကြိမ်မြောက်ပေါ့။ အဆိုတော် သားငယ်လှူဒါန်းတဲ့ မတည်ငွေ ၁၇ သိန်းနဲ့ စတင်ပြီးပြုပြင်နေတာပါ။ နောက်အပြင်က လှူဒါန်းထားတာတွေလည်း ရှိတယ် ” ဟု ဆိုသည်။

မာန်အောင်မြို့ပေါ်ရပ်ကွက်များနှင့် ဆေးရုံတွင်သေဆုံးသူများကို မီးသင်္ဂြီုဟ်ရာတွင် မိုးရာသီဆိုလျှင် အခက်အခဲများစွာရှိသဖြင့် မာန်အောင်မြို့နယ် စေတနာရှင်လူငယ်များ နာရေးကူညီမှုအသင်းမှ ဦးစီးကာ ယင်းမီးသင်္ဂြီုဟ်ဖိုကို စတင်တည်ဆောက်ခဲ့ခြင်းပြီး တစ်ခါတစ်ရံ နာရေး ၂ ခုပြိုင် မီးသင်္ဂြီုဟ်ရသည့် အခြေအနေများတွင် အဆင်မပြေမှုများ ရှိနေသည့်အတွက်  မီးသင်္ဂြီုဟ်စက်အဖြစ် ပြောင်းလဲတည်ဆောက်ပေးရန် အစိုးရထံ တင်ပြတောင်းဆိုထားကြောင်း သိရသည်။

 

Author: အောင်ကောင်းဇော်