(ရိုက်တာသတင်းထောက် ကိုကျော်စိုးဦး၏ မိသားစု။)

ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၁၇ ခုနှစ်။    ။   ကိုလိုနီခေတ်က ပြဌာန်းခဲ့သော ၁၉၂၃ ခုနှစ် အစိုးရလျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ရိုက်တာသတင်းဌာနက သတင်းထောက် ကိုကျော်စိုးဦးနှင့် ကိုဝလုံးတို့ကို တွေ့ခွင့်မရသည့်အတွက် မိသားစုဝင်များက အလွန်စိုးရိမ်နေကြသည်။

၎င်းတို့မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ညက ဖမ်းဆီးခံခဲ့ရပြီး ယင်းနေ့ကနေ ယနေ့အချိန်ထိ မိသားစုဝင်များကို တွေ့ဆုံခွင့်မပေးသည့်အပြင် အကျိုးအကြောင်းကိုလည်း တစ်ခုမှ ပြန်ပြောပြခြင်း မရှိသည့်အတွက် သက်ရှိထင်ရှား ရှိနေသေးသလားဟု ထင်ရကြောင်း ကိုကျော်စိုးဦး၏ မိခင်က DMG ကို ပြောသည်။

“ အန်တီက သားကြီး အသက်တောင် ရှိနေပါ့မလား။ အရမ်းစိုးရိမ်နေတယ်။ အခုထိ တွေ့ခွင့်လည်းမပေး၊ ဘာတစ်ခုမှလည်း ဘာကြောင့်ဖမ်းဆီးတယ်၊ ဘာကြောင့်လည်းဆိုတာကို မသိရဘူး။ သားကြီးကိုပဲ တွေ့ချင်တယ်။ သူတို့ဘာလုပ်လိုက်ကြပြီလဲ၊ သေသွားပြီလားဆိုတာကို အရမ်းစိုးရိမ်နေတယ်။ ” ဟု ပြောသည်။

ကိုကျော်စိုးဦး၏ မိခင်မှာ သူ့ခင်ပွန်းမရှိသည့် အချိန်ကစ၍ သားကြီးဖြစ်သည့် ကိုကျော်စိုးဦးကိုပဲ အားကိုးနေရကြောင်း၊ ကိုကျော်စိုးဦး ဖမ်းဆီးခံထားရ၍ မိသားစုစားဝတ်နေရေးကို ထိခိုက်လာကြောင်း ကိုကျော်စိုးဦး၏ မိခင်က ပြောသည်။

ကိုကျော်စိုးဦးနှင့် ကိုဝလုံးတို့ကို စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညက ထောက်ကြန့်ရဲစခန်းမှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ တာဝန်ရှိသူများ ပါဝင်သော အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးနေကြောင်း ရန်ကုန်တိုင်း ရဲမှူးကြီး မြင့်ထွေးက မီဒီယာများကို အတည်ပြု ပြောဆိုထားသည်။

ဖမ်းဆီးခံ ကိုကျော်စိုးဦးမှာ မဟုတ်မမှန်လုပ်သူမဟုတ်ကြောင်း၊ မိသားစုဝင်များနှင့်လည်း အမြန်ဆုံး တွေ့ဆုံပေးစေလိုကြောင်း ကိုကျော်စိုးဦး၏ ဇနီးဖြစ်သူ မချစ်စုက DMG ကို ပြောကသည်။

“ ကျမ သူ့ကို အမြန်ဆုံးတွေ့ချင်တယ်။ လွတ်လာတာကိုလည်း မြင်ချင်တယ်။ တွေ့ခွင့်မပေးတာဟာ ဘာကြောင့်လဲ။ အခုဆိုရင် တစ်ပတ်ကျော်ပြီ။ ကျမက သူ့ကို ထောင်ချောက်ဆင်တာလို့ပဲ ထင်တယ်။ သူမှန်လို့ သူလုပ်လို့ပဲ ထင်တယ်။ သူမဟုတ်တာကို မလုပ်ဘူး။ ကျမက သူ့ကိုပဲ အားကိုးနေရတာ။ ကျမဘာတစ်ခုမှ လုပ်စားတတ်တာ မဟုတ်ဘူး။ သူ့ကို အမြန်ဆုံး လွတ်မြောက်စေချင်တယ်။ ဘာတစ်မှမဖြစ်ဘဲ လွတ်မြောက်လာပါစေလို့ ဆုတောင်းပါတယ်။ ” ဟု ပြောသည်။

သတင်းသမား ကိုကျော်စိုးဦးနှင့် ကိုဝလုံးတို့ ဖမ်းဆီးခံထားရသည်မှာ တစ်ပတ်ကျော်နေပြီး မည်သည့်နေရာတွင် ထားရှိခြင်းနှင့် ၄င်းတို့၏ ကျန်းမာရေးအခြေအနေတို့ကို မသိရှိရကြောင်း၊ ယင်းအပြင် မည်ကဲ့သို့ စစ်ဆေးနေခြင်း၊ ရှေ့နေများနှင့် မတွေ့ရခြင်းတို့မှာ အခြေခံလူ့အခွင့်အရေး မရသဖြင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေး ဂုဏ်သိက္ခာနှင့်အညီ နေထိုင်ပေးရန် အစိုးရထံ တိုက်တွန်းကြောင်း ကြေညာချက်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။

Author: နေရောင်မင်း(စစ်တွေ)