သက်နိုင် / DMG

နိုဝင်ဘာလ ၁၄၊စစ်တွေ

ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကိမ်း စီမံကိန်းပြုလုပ်ရာတွင် ဒေသခံရခိုင်လူမျိုးများ၏ အကျိုးစီးပွား တိုးတက်မှုမရှိပါက ကန့်ကွက်သွားမည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီအထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ပတ်သတ်ပြီး ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းမရရှိမှု ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများရှိလာလျှင် ကန့်ကွက်မည်ဟု ဦးမျိုးကျော်က ဆိုသည်။

 “ဒီစီမံကိန်းက ဒေသခံတွေအတွက် အကျိုးရှိတယ်ဆိုရင်တော့ သဘောတူတယ်။ အကျိုးမရှိဘူး ဆိုရင်တော့ ထွက်တိုက် သင့်ရင်တိုက်ရမှာပဲ ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အထူးစီးပွားရေးဇုန်နှင့်ပတ်သက်ပြီး  ဖြစ်လာနိုင်ခြေရှိသည့် ပြဿနာများကို ပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများလည်း ဆွေးနွေးမှုများရှိနေသည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သိရသည်။

အလားတူ အထူးစီးပွားရေးဇုန်နှင့်ပတ်သက်ပြီး ရခိုင်လူထု၏ အကျိုးစီပွား၊ သဘာဝ ပတ်ဝန်းကျင်၊ တစ်ခြား ဖြစ်လာနိုင်သည့် ဆုံးရှုံး မှုများကို စောင့်ကြည့် သွားမည်ဟုလည်း ရခိုင်အမျိုးသားပါတီ(ANP) ဘက်က ဆိုသည်။

“ဒီစီမံကိန်းက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာတယ်။ လူနေထိုင်မှုစနစ်တွေကို ထိခိုက်လာတယ်ဆိုရင်တော့ ရခိုင်ပြည်သူအကျိုးကို ထိခိုက်လာတယ် ဆိုရင်တော့ ရခိုင်အမျိုးသား ပါတီက ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမယ် ”ဟု ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကပြောသည်။

 အဆိုပါ စီမံကိန်းကြောင့် ရခိုင်ပြည်နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်၊လမ်းပန်းဆက်သွယ်မှုနှင့်ကုန်ထုတ်လုပ်မှု တိုးတက်ရေးတို့အထောက်အကူပြုနိုင်မည့် အထူးစီးပွားရေးဇုန်အဖြစ် တည်ဆောက်မည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

ယင်းစီမံကိန်းအကောင်အထည်ဖော်ရေး မူဘောင်သဘောတူညီချက်တစ်ခုကို အစိုးရနှင့် တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီတို့က နိုဝင်ဘာလ ၃ ရက်နေ့တွင်  သဘောတူလက်မှတ်ရေးထိုးကြပြီဖြစ်သည်။