
ခိုင်ရိုးလ/ DMG
ဧပြီ ၈၊ စစ်တွေ
ရခိုင်ပြည်နယ်အတွင်း စစ်ပွဲများဖြစ်ပွားနေမှု၊ ညမထွက်ရအမိန့် ထုတ်ပြန်ထားမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ရှိ ဇာတ်သဘင်လောကသားများ အခက်ခဲဖြစ်နေကြောင်း ရခိုင်ပြည်နယ်သဘင်အစည်းရုံးမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်း အနုပညာဇာတ်သဘင်ဖြင့် အသက်မွေးနေသူများမှာ စစ်ဘေးကြောင့် ပွဲမကရသည့်အတွက် အခက်ခဲမျိုးစုံနှင့် ရင်ဆိုင်နေရကြောင်း ရခိုင်ပြည်နယ်ဇာတ်သဘင်အစည်းအရုံး အတွင်းရေးမှူး လည်းဖြစ်၊ ရတနာသန်းအောင်ဇာတ်သဘင်အဖွဲ့မှ မန်နေဂျာ ဦးထွန်းအေးက DMG ကိုပြောသည်။
“ တိုက်ပွဲတွေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ကျွန်တော်တို့ ဝင်လို့မရတော့ဘူး။ ညမိန့်မထွက်ရဆိုတော့ အဲဒီနေရာမှာ ကပြလို့မရတော့ဘူးပေါ့။ ကျွန်တော်တို့ ဘက်ကလည်း ဒုက္ခဖြစ်မယ့် နေရာတွေကို ရှောင်ရတယ်။ အဲဒါကြောင့် အားလုံးအခက်ခဲရောက်နေကြပြီ။ ဇာတ်ငှားလည်း မရှိတော့ဘူးဆိုတော့ ဒုက္ခရောက်ကြတယ်လေ ” ဟု ဦးထွန်းအေးက ပြောသည်။
ယင်းအပြင် ယခုနှစ်အတွင်း ရတနာသန်းအောင် ဇာတ်သဘင်အဖွဲ့အနေဖြင့် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့နယ်အတွင်း ဒေသမတည်ငြိမ်မှုကြောင့် နှစ်စဉ်ကျင်းပမြဲ ဘုရားပွဲအပါဝင် ၁၆ ပွဲထိ ဖျက်ပေးလိုက်ရကြောင်း ၄င်းက ထံမှသိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်သာမ တောင်ပိုင်းဒေသတို့တွင်လည်း ဒေသတွင်း ပွဲလမ်းများတွင် နယ်မြေလုံခြုံရေးအတွက် ပွဲပါမိန့်မရမှု တချို့ ရှိနေပြီး သဘင်လောကသားများအနေဖြင့် စားဝတ်နေရေး အခက်ခဲများ ရှိနေကြောင်း ဦးထွန်းအေးကပြောသည်။
“ ဇာတ်အဖွဲ့သားတွေ စားရေးသောက်ရေး၊ နေရေးထိုင်ရေး အားလုံးအခက်ခဲဖြစ်တယ်။ အခု ဇာတ်ကဖို့ ပွဲမိန့်မရတာတွေလည်းရှိနေတယ်။ ကျွန်တော်တို့က လက်ရှိမှာ ရှေ့တိုးဖို့ခက် နောက်ဆုပ်ဖို့ခက်ဖြစ်နေပြီ ” ဟု ဦးထွန်းအေးက ဆိုသည်။
ယခုနှစ် ပြည်နယ်တွင် ဇာတ်သဘင်အဖွဲ့ ၁၀ ဖွဲ့ရှိကာ ပွင့်လင်းရာသီရောက်သည်နှင့် နှစ်စဉ် ဘုရားပွဲ၊ ပျော်ပွဲရွှင်ပွဲများတွင် ဖျော်ဖြေ ကပြနေခြင်းဖြစ်ကာ ရခိုင်ပြည်နယ်ရှိ တန်ခိုးကြီးဘုရား ပွဲတော်များနှင့် ပွဲလမ်းသဘင်များကိုပါ ကျင်းပပြုလုပ်ကြခြင်းလည်းဖြစ်သည်။




