
သြဂုတ် ၁၃၊ နေဝင်းစံ
ရခိုင်ပြည်နယ်အတွင်းမှ စီးပွားရေးလုပ်ငန်းရှင်အများစုပါဝင်သည့် ရခိုင်လုပ်ငန်းရှင်များအဖွဲ့ကို သြဂုတ်လ ၈ ရက်နေ့တွင် စစ်တွေမြို့၌ဖွဲ့စည်းခဲ့သည်။
ယင်းအဖွဲ့သည် ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတည်ငြိမ် အေးချမ်းရေးလုပ်ငန်းများကို ဦးတည်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါရခိုင်လုပ်ငန်းရှင်များအဖွဲ့သည် ဒေသထွက်ကုန်များကို အရည်အသွေးတိုးမြှင့်ခြင်း၊ သတင်း အချက်အလက်များပေးခြင်း၊ နိုင်ငံတကာဖြင့်ချိတ်ဆက်ပြီး စီးပွားဖြစ်ထွန်းအောင်လုပ်ဆောင်ပေးခြင်း၊ SME များပေါ်လာစေရန်၊ ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန်၊ ဈေးကွက်ရှာဖွေပေးရန် စသည့်လုပ်ငန်းစဉ် များကို ကူညီဆောင်ရွက်ပေးသွားမည်ဟုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရခိုင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ ပြောသည်။
“ဒီအဖွဲ့က We will do my best အကောင်းဆုံးဖြစ်အောင် လုပ်သွားမယ်လို့ ကျွန်တော် မျှော်လင့်တယ်” ဟု ဦးဇော်အေးမောင်က ပြောသည်။
ရခိုင်လုပ်ငန်းရှင်များအဖွဲ့(ရခိုင်ပြည်နယ်)ကိုဖွဲ့စည်းခြင်းမှာ ရခိုင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ပေါ်ပေါက်ရေးအတွက် ယာယီဖွဲ့စည်းထားခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှ ရခိုင်တိုင်းရင်းသားများ အများစုနေထိုင်ကြသည့် အခြားသောတိုင်းနှင့်ပြည်နယ်တို့တွင်လည်း ယာယီအဖွဲ့များကို ဆက်လက် ဖွဲ့စည်းကာ လုပ်ငန်းတာဝန်များအား ၁၈ လ ကြာ တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် ရခိုင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း(ရန်ကုန်)ကို ရန်ကုန်တိုင်းတွင် ဖွဲ့စည်း ပြီးဖြစ်ကာ ဧရာဝတီတိုင်း(ပုသိမ်မြို့)တွင် သြဂုတ်လ ၁၄ ရက်နေ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် မန္တလေးတိုင်း၊ ကချင်ပြည်နယ်(ဖားကန့်)၊ တနင်္သာရီတိုင်း၊ နေပြည်တော်တို့တွင်လည်း ဖွဲ့စည်း သွားမည်ဖြစ်သည်။
ရခိုင်လုပ်ငန်းရှင်များအဖွဲ့(ရခိုင်ပြည်နယ်)ကို သြဂုတ်လ ၈ ရက်နေ့ကဖွဲ့စည်းခဲ့ရာတွင် အဖွဲ့၏ အမှုဆောင်များ၊ ဥက္ကဋ္ဌနှင့် အခြားသောတာဝန်များကိုစွမ်းဆောင်ရန် ရွေးချယ်ခန့်အပ်ခဲ့ကြသည်။
ရခိုင်ပြည်နယ်၏စီးပွားရေးတွင် အရေးတကြီးဖြေရှင်းသွားရမည့်ကိစ္စများစွာရှိသည်ကို ယခု လုပ်ငန်းရှင်များအဖွဲ့မှ စနစ်ကျစွာလုပ်သွားနိုင်မည်ဟုမျှော်လင့်ကြောင်း ရခိုင်ပြည်နယ်မှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးခင်မောင်ကြီးမှဆိုသည်။
ဦးခင်မောင်ကြီးက “အစိုးရက အကူအညီပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ဒီလုပ်ငန်းရှင်အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ အရင်းတွေကွဲပြားနေတယ်။ အဲဒီအရင်းတွေကို တတ်နိုင်သမျှ ယုံယုံကြည်ကြည် ဖြစ်လာအောင်စည်းရုံးဆွဲဆောင်ပြီးတော့ အရင်းတွေကိုစုစည်းလိုက်ဖို့က အဓိကအရေးကြီးတယ်” ဟု ပြောသည်။
ဦးခင်မောင်ကြီးမှာ ရခိုင်လုပ်ငန်းရှင်များအဖွဲ့(ရခိုင်ပြည်နယ်)၏ ဥက္ကဋ္ဌတာဝန်အား ရွေးချယ်ခံထား ရသူတစ်ဦးလည်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းမှ လယ်သမားများအပေါ်ဖိစီးနေသည့် ထိုက်သင့်သော စပါးဈေးမရသည့်ကိစ္စအား လာမည့် ၆ လတာကာလအတွင်း ကိုင်တွယ်သွားမည်ဟုလည်း ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းအဆင့်ဆင့်တွင် ရင်းနှီးမြှုပ်နှံမှုမှအခက်အခဲ၊ ကုန်သွယ်ရေးပိုင်းမှ အခက်အခဲ၊ ကုန်ထုတ်လုပ်ရေးအခက်အခဲများရှိနေကြောင်း ရခိုင် စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။




