ဇူလိုင်လ ၁၇ ရက်၊ ၂၀၁၈ ခုနှစ်။   ။   နိုင်ငံတော်ပုန်ကန်မှုအပါအဝင် အမှု ၃ မှုနှင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ယနေ့ဇူလိုင်လ ၁၆ ရက် နေ့တွင် (၁၇)ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

ဇန်နဝါရီလအတွင်း ရသေ့တောင်မြို့တွင်ပြုလုပ်ခဲ့သည့် ရခိုင့်အချုပ်အခြာအာဏာကျရှုံးခြင်း အထိမ်း အမှတ်စာပေဟောပြောပွဲတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့၏ ဟောပြော ချက်များမှာ ဥပဒေနှင့်မညီညွတ်ဟုဆိုတာ ၎င်းတို့နှစ်ဦးကို အစိုးရမှဖမ်းဆီးတရားစွဲဆိုထားခြင်း ဖြစ်သည်။

ယနေ့ရုံးထုတ်လာစဉ် ဒေါက်တာအေးမောင်က “အခုရဲတွေ ထွက်ဆိုတာတွေအားလုံးဟာ မှတ်တမ်း ရေးလာတာတွေအားလုံးကို တရားရုံးမှာဖတ်ပြတာတွေလုပ်နေတယ်။ အဲဒါဟာ တရားရုံးမှာ သက်သေခံ မြောက်၊ မမြောက်ကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရှေ့နေတွေ၊ တရားသူကြီးတွေသုံးသပ် နိုင်အောင် ကျွန်တော်က တင်ပြတာဖြစ်ပါတယ် ”ဟု ပြောဆိုခဲ့သည်။

ဇူလိုင်လ ၉ ရက်နေ့ (၁၆)ကြိမ်မြောက်ရုံးထုတ်တွင် ဒေါက်တာအေးမောင်တို့နှစ်ဦးကိုစွဲဆိုထားသည့် အမှု ၃ ခုလုံး၏ တရားလိုသက်သေဖြစ်သူ ရသေ့တောင်ရဲစခန်းမှ ရဲတပ်ကြပ်ကြီးယဉ်လှကို စစ်ဆေးရာ တွင်လည်း အသင့်ရေးမှတ်ယူလာသည့် မှတ်တမ်းကိုသာထွက်ဆိုခဲ့သည်ဟု ဒေါက်တာအေးမောင် ဘက်မှအမှုလိုက်ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က “သက်သေထွက်တယ်ဆိုတာက သက်သေခံ ဥပဒေအရပြောရရင် ကိုယ်တိုင်သိတာ၊ ကြားတာ၊ မြင်တာကို မှတ်မိသလောက် တရားရုံးမှာထွက်ချက် ပေးရတယ်။ စာနဲ့ရေးယူလာလို့မရဘူး။ စာနဲ့ ရေးယူလာတယ်ဆိုတာက တစ်ခါတစ်ခါရက်စွဲမေ့နေတယ်။ အကြောင်းအရာတော့သိတယ်။ ဒါပေမယ့် ရက်စွဲဘယ်နေ့လဲဆိုတာကို ဒိုင်ယာရီထဲမှာပြန်ကြည့်လို့ ရတယ်။ အခုကဒီလိုမဟုတ်ဘဲ အစကနေအဆုံး စာအုပ်ထဲမှာရေးမှတ်တာကိုဖတ်ပြနေတော့ သက်သေခံဥပဒေနဲ့မကိုက်ညီဘူး ” ဟု ဇူလိုင်လ ၉ ရက်နေ့ရုံးထုတ်အပြီးတွင် ပြောဆိုခဲ့သည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးကို စွဲဆိုထားသည့်အမှုများမှာ နိုင်ငံတော် ပုန်ကန်မှုပုဒ်မ ၁၂၂ ၊ နိုင်ငံတော်အကြည်အညို ပျက်စေမှုရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) (ဂ)၊ မတရား အသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇ (၁)တို့ဖြင့် အစိုးရ စွဲဆိုထားခြင်းဖြစ်သည်။

ထိုသို့စွဲဆိုထားသည့်အမှုများထဲမှ နိုင်ငံတော်ပုန်ကန်မှုနှင့် နိုင်ငံတော်အကြည်အညိုပျက်စေမှုတွင် တရားလိုသက်သေ ၆ ဦးနှင့် မတရားအသင်းဆက်သွယ်မှုတွင် တရားလိုသက်သေ ၁၆ ဦးအထိ သက်သေစာရင်းတင်သွင်းထားကြောင်း ဒေါက်တာအေးမောင်ဘက်မှ အမှုလိုက်ရှေ့နေများထံမှ သိရသည်။

ဒေါက်တာအေးမောင်က “ကျွန်တော်သိသလောက် စဖရတို့ကနောက်ဆုတ်သွားတယ်။ ကျွန်တော်အစ ကတည်းကသိတယ်။ တပ်ကမပါဘူးဒီပြဿနာမှာ၊ ပြည်ထောင်စုအစိုးရမပါဘူး။ ပြည်နယ်အစိုးရ တစ်ခုတည်းက လုပ်တယ်ဆိုတာမျိုးကို ကျွန်တော်တို့နားလည်တယ်။ အဲဒါလေးကို ၄/၂၀၁၈ နဲ့ ခင်ဗျားတို့အစည်းအဝေး ဆုံးဖြတ်ချက်အရ တရားစွဲတယ်ဆိုတာတွေက ကျွန်တော်တို့သဘော ပေါက်ပါတယ် ” ဟု ယနေ့ရုံးထုတ်တွင် ပြောဆိုခဲ့သည်။

ယနေ့ (၁၇)ကြိမ်မြောက်ရုံးထုတ်တွင် ယူနီဖောင်းမဝတ်သည့်ရဲများ လူထုပုံစံမျိုးဖြင့်ဝိုင်းတာမျိုး မလုပ်ကြဖို့ကိုလည်း ဒေါက်တာအေးမောင်က မေတ္တရပ်ခံပြောဆိုခဲ့ပါသေးသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့၏ ရုံးချိန်းများတွင် ယူနီဖောင်းဝတ်ဆင်သည့် ရဲများလုံခြုံရေးလာယူကြသလို အရပ်ဝတ်ဖြင့်ရဲများလည်းလာရောက်ကြသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးအား ဖမ်းဆီးတရားစွဲဆိုထားသည်မှာ ယခုအချိန်ထိဆိုပါက ခုနှစ်လအထိရှိလာခဲ့ပြီဖြစ်ပြီး ရုံးချိန်းအားဖြင့်လည်း ၁၇ ကြိမ်မြောက်အထိ ရှိလာခဲ့ပြီဖြစ်သည်။

Author: နေဝင်းစံ