ဇန်နဝါရီလ ၁၉ ရက်၊ ၂၀၁၈ ခုနှစ်။   ။  မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း ခံနေရသော ဒေါက်တာအေးမောင်ကို ရခိုင်အမျိုးသားပါတီ (ANP) မှ ဥပဒေဘောင်အတွင်းက ရသမျှကိုကူညီဆောင်ရွက်ပေးသွားမည်ဟု ANP ဒုတိယ ဥက္ကဌ ၂ ဒေါ်အေးနုစိန်က ပြောသည်။

“ ဒေါက်တာအေးမောင်ရဲ့ အခုစွဲဆိုခံရတဲ့ ကိစ္စကတော့ တိုက်ရိုက် မသက်ဆိုင်ပေမယ့် ကျမတို့ပါတီက နုတ်ထွက်ခွင့် တင်ထားပေမယ့် နုတ်ထွက်ခွင့်မပြုသေးတဲ့ ဥက္ကဌတစ်ယောက်ရဲ့ ကိစ္စဖြစ်နေတော့ ကျမတို့မှာ ဒေါက်တာအေးမောင်နဲ့ ပတ်သက်ပြီး ကျမတို့ ဥပဒေဘောင်အထဲက ကျမတို့ ပါဝင်ဆောင်ရွက် ကူညီလို့ ရသမျှကိုတော့ ကျမတို့ကူညီဆောင်ရွက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိပါတယ်။ ” ဟု ပြောသည်။

ဒေါက်တာအေးမောင်ကို ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်များက ယခုအချိန်ထိ ရခိုင်အမျိုးသားပါတီကို တစ်စုံတစ်ခု အကြောင်းကြားခြင်း မရှိသေးဟု ဒေါ်အေးနုစိန်က ဆိုသည်။

ဒေါက်တာအေးမောင်သည် ရခိုင်အမျိုးသားပါတီမှာ ဥက္ကဌ နေရာက နုတ်ထွက်ခွင့် တောင်းထားသော်လည်း ရခိုင်အမျိုးသားပါတီက လက်ရှိမှာ နုတ်ထွက်ခွင့် မပေးသေးဘဲ ဥက္ကဌ၏ လုပ်ငန်းတာဝန်များကို ရပ်ဆိုင်းထားသည်။

စာပေဟောပြောပွဲတွင် ဒေါက်တာအေးမာင်၏ ပြောကြားခဲ့သည့် စကားလုံးများကို လိုရာဆွဲသုံးပြီး နှိပ်ကွက်ခြင်းသည် ရခိုင်တစ်မျိုးတစ်သားလုံး၏ ပြောရေးဆိုရေး သတ္တိကို ရိုက်ချိုးခြင်းဟု ဒေါ်အေးနုစိန်က ဆိုသည်။

“ ကျမအမြင်ကတော့ ဒေါက်တာအေးမောင်ရဲ့ စာပေဟောပြောပွဲမှာ ပြောတဲ့ စကားလုံးတွေမှာ ရှေ့ကဘာပြောသွားလဲ၊ နောက်မှာ ဘာသွားလဲဆိုတာကို လိုရာကို ဆွဲပြီးတော့ ဒီလို ဥပဒေနဲ့ ညှိစွန်းတယ်ဆိုပြီးတော့ လုပ်တာကတော့ ဒေါက်တာအေးမောင်တစ်ယောက်တည်းကို အရေးယူနှိပ်ကွက်တာပဲ မဟုတ်ဘဲ ရခိုင်တမျိုးသားလုံးရဲ့ ပါးစပ်တွေ၊ ရခိုင်တမျိုးသားလုံးရဲ့ ပြောရေးဆိုရေးကို ရိုက်ချိုးပစ်လိုက်တယ်လို့ ကျမတို့က မြင်ပါတယ်။ ” ဟု ပြောသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ ညက ရသေ့တောင်မြို့တွင် ပြုလုပ်ခဲ့သည့် စာပေဟောပြောပွဲမှာ တရားမဝင်အသင်းအဖွဲ့ကို အားပေးသော အသုံးအနှုန်းစကားရပ်မျိုးကို ပြောဆိုခဲ့သည်ဆိုပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ဒေါက်တာအေးမောင်ကို ဇန်ဝါရီလ ၁၈ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး စစ်တွေခရိုင် တရားရုံးတွင် ၃၁ ရက်နေ့အထိ ချုပ်ရမန်ယူကာ စစ်တွေအကျဉ်းထောင်၌ ထိန်းသိမ်းထားကြောင်း မိသားစုဝင်များထံမှ သိရသည်။

Author: နေရောင်မင်း(စစ်တွေ)