ခိုင်ရိုးလ၊ DMG

အောက်တိုဘာ၂၉၊ စစ်တွေ

နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)တို့ဖြင့် စွဲချက်တင်ခံထားရသော အမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် Dr.အေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့၏ ရာဇဝတ်မှု ပြင်ဆင်ခွင့်လျှောက်ထားချက်အား ရခိုင်ပြည်နယ်တရားလွှတ်တော်မှ လက်ခံကြောင်း ယနေ့ရုံးချိန်းတွင် တရား လွှတ်တော်ရှေ့နေများက ပြောသည်။

၎င်းတို့နှစ်ဦးအား စစ်တွေခရိုင်တရားရုံးမှ အထက်ပါပုဒ်မနှစ်ခုဖြင့် စက်တင်ဘာလ ၁၀ ရက်နေ့တွင် စွဲချက်တင် ခဲ့ပြီး အဆိုပါစွဲချက်အပေါ်မကျေနပ်၍ Dr.အေးမောင်တို့မှ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရာဇဝတ်ပြင်ဆင် မှုအား ပြည်နယ်တရားလွှတ်တော်သို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်။

“စွဲချက်တင်ထားတဲ့ အမိန့်ကို မကျေနပ်တဲ့အတွက် ရခိုင်ပြည်နယ်တရားလွှတ်တော်ကို ပြင်ဆင်မှုတင်သွင်း ထားတယ်။ အဲဒါကို ပြည်နယ်တရားလွှတ်တော်က လက်ခံကြောင်း အမိန့်ချထားတယ်” ဟု စာရေးဆရာ ဝေဟင်အောင်၏အမှုအား လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

ယနေ့ရုံးချိန်းတွင် အမှုအား ကြားနာခြင်းမရှိတော့ဘဲ နိုဝင်ဘာလ ၁၂ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း သိရသည်။

“ဒီအမှုကို ဘယ်နေ့လျှောက်လဲချက်ပေးမှာလဲ မသိသေးပေမယ့် နိုဝင်ဘာအတွင်း ရခိုင်ပြည်နယ် တရားလွှတ် တော်မှာ အပြီးသတ်လျှောက်လဲချက် ပေးနိုင်တယ်။ တကယ်လို့ ရခိုင်ပြည်နယ်တရားလွှတ်တော်က ဒါ စွဲချက် မတင်သင့်ဘူးဆိုရင် နှစ်ယောက်လုံးလွတ်သွားမှာဖြစ်ပြီး စွဲချက်တင်ခဲ့ရင် အောက်ရုံးမှာ အမှုကိုစစ်ဆေး ရလိမ့်မယ် ” ဟု ဒေါက်တာအေးမောင်၏ အကျိုးတော်ဆောင်ရှေ့နေ ဦးကျော်ညွှန့်မောင်က ဆိုသည်။

Dr.အေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်းအထိမ်းအမှတ်အဖြစ် ရသေ့တောင်မြို့တွင်ပြုလုပ်ခဲ့သည့် စာပေဟောပြောပွဲအတွင်း ဟောပြောချက်များအပေါ် ကြီးလေးသော ပုဒ်မများဖြင့် အစိုးရမှ တရားစွဲဆိုခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးအား နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ မတရားအသင်းဆက်သွယ်မှုတို့ဖြင့် တရားစွဲဆိုခဲ့ပြီး စစ်တွေခရိုင်တရားရုံးမှ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)အား ပယ်ချခဲ့သည်။