
ခိုင်ရိုးလ / DMG
ဖေဖော်ဝါရီ ၁ ၊ စစ်တွေ
ဒေါက်တာအေးမောင်အမှုတွင် လျှောက်လဲချက်ကြားနာရန်နှင့် အပြီးသတ်အမိန့်ချရန်သာ ကျန်ရှိ တော့ကြောင်း ယနေ့ဖေဖေါ်ဝါရီလ ၁ ရက်နေ့ရုံးချိန်းတွင် တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က ပြောသည်။
ယနေ့ရုံးချိန်းတွင် ဒေါက်တာအေးမောင်ဘက်မှ တရားခံပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ပြီး ကျန်သက်သေနှစ်ဦးအား အကြောင်းခြင်းရာအပေါ်သိသောပုံစံ တူညီနေသည့်အတွက် မစစ်ဆေးတော့ဘဲ ပယ်လိုက်ကြောင်း သိရသည်။
လာမည့် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့တွင် နှစ်ဖက်လျှောက်လဲချက်ကြားနာရန် ချိန်းဆိုထားကြောင်း ဦးအောင်ကျော်စိန်က ဆိုသည်။
“အမှုစစ်တဲ့တရားသူကြီးက အခု နေပြည်တော်ကိုပြောင်းရတယ်ပေါ့။ သူ့နေရာကိုရောက်လာမယ့် တရားသူကြီး ရုံးထိုင်မှသာ ကျနော်တို့ လျှောက်လဲချက်ပေးဖြစ်မယ့်သဘောရှိတယ်” ၎င်းကပြောသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ရသေ့တောင်မြို့နယ်တွင်ပြုလုပ်ခဲ့သည့် ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးခြင်းအထိမ်းအမှတ် စာပေဟောပြောပွဲတွင် ပြောကြားချက်များပတ်သက်၍ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့နှစ်ဦးအား ရခိုင်ပြည်နယ်အစိုးရမှ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦး တရားရင်ဆိုင်နေရသည်မှာ လက်ရှိအချိန်ထိ တစ်နှစ်ကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီလည်း ဖြစ်သည်။
လက်ရှိတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးသည် နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။




