ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၁၈ ခုနှစ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဖေဖော်ဝါရီလ (၄) ရက်နေ့ နံနက်ပိုင်းက ငွေတောင်ကျေးရွာသားတစ်ဦးအား ဘင်္ဂလီ (၉) ဦးခန့်က ဝိုင်းရိုက်ရန်ကြိုးစားခဲ့ကြပြီး ကျေးရွာသားများ၏ အကူအညီကြောင့် တစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်မှာ ငွေတောင်ကျေးရွာသား ဦးမောင်အေးသိန်း (အသက် ၄၀ နှစ်)သည် ၄င်း၏ဆောင်းသီးနှံစိုက်ခင်းတွင် အလုပ်လုပ်နေချိန်တွင် ဘင်္ဂလီ(၉)ဦးခန့်က လေးဂွများဖြင့်ပစ်ပြီး ဝိုင်းထားကြစဉ် ဦးမောင်အေးသိန်းက နွားကျောင်းနေသော တခြားငွေတောင်ကျေးရွာသားများအား အော်ဟစ်အကူအညီတောင်းခဲ့သဖြင့် ဘင်္ဂလီများအား ဖမ်းမိရန်ကြိုးစားခဲ့ကြရာ တစ်ဦးသာဖမ်းဆီးရမိခဲ့သည်ဟု ငွေတောင်ကျေးရွာသားများက ပြောသည်။
အခင်းဖြစ်ပွားသည့်နေရာမှာ ပြားသားကျေးရွာအပိုင် နွားရုံတောင်ကျေးရွာအနီးတွင်ဖြစ်ပြီး ဖမ်းဆီးရမိသည့်ဘင်္ဂလီမှာ ဘကာဂုံးနားကျေးရွာသား မာမတ်ဆော်လိမ်ဖြစ်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ပြင်ဖြူနယ်မြေစခန်းတွင် အပ်နှံလိုက်ကြောင်း ပြားသားကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
" ငွေတောင်ရွာသားဖြစ်တဲ့ ဦးမောင်အေးသိန်းက သူတို့မှာ စိုက်ပျိုးထားတဲ့ ဆောင်းသီနှံစိုက်ခင်းမှာ ဆီသီးခူးနေတုန်း ဘင်္ဂလီတွေက လေးဂွတွေနဲ့ပစ်ပြီးတော့ ရန်ရှာပါတယ်။ ဒီတော့ အနီးအနားမှာ နွာကျောင်းနေတဲ့ လူတွေက ဝိုင်းပြီးတော့ လိုက်ဖမ်းရာမှ တစ်ယောက်ဖမ်းမိပါတယ်။ သူ့ကိုတော့ ပြင်ဖြူနယ်မြေစခန်းကို ခေါ်ပြီးစစ်ဆေးလိုက်တော့ လွတ်သွားတဲ့ အပေါင်းအပါ ဘင်္ဂလီတွေဟာ သိဟိုရ်ရွာ၊ ဟာဘီရွာက ဘင်္ဂလီတွေဖြစ်တယ်လို့ သိရပါတယ်။ လူတွေ ဒဏ်ရာရရှိတာတွေတော့ မရှိပါဘူး။ ” ဟု ဆိုသည်။
မောင်တောဒေသတွင် ယခုလို ဖြစ်စဉ်မျိုးများ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိနေသဖြင့် မိမိတို့၏ လယ်ယာစိုက်ခင်းများသို့ မသွားရဲသူများလည်း အများအပြားရှိကြောင်း မောင်တောဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။




