ဇူလိုင် ၄ ရက် / DMG

ပုဒ်မ ၃ ခုနှင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏ သားဖြစ်သူ ဦးတင်မောင်ဝင်းသည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသည့် ရသေ့တောင်မဲဆန္ဒနယ် အမှတ် ၂ တွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ဦးတင်မောင်ဝင်းမှာ အဖရခိုင်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း အဖရခိုင်ပြည်ပါတီမှာ တည်ထောင်ခွင့်လျောက်ထားပြီး ဖြစ်သော်လည်း တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် မကျသေးသည့်အတွက် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမည်စာရင်းကို ယနေ့ ဇူလိုင်လ ၄ ရက်နေ့တွင် စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ရုံးသို့ လာရောက် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းနှင့် ပတ်သက်ပြီး  ဦးတင်မောင်ဝင်းကို DMG မှ သွားတွေ့ဆုံမေးမြန်းခဲ့သော်လည်း မီဒီယာများကို ဖြေဆိုရင် အချိန်မကျသေးကြောင်း ပြောဆိုခဲ့သည်။

လက်ရှိတွင် လစ်လပ်နေသော ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဖိုးမင်း(ကွယ်လွန်)၏ ရသေ့တောင်မဲဆန္ဒနယ်တွင် ရခိုင်အမျိုးသားပါတီမှ ဦးလှမြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခင်မောင်သန်း နှင့် ဒေါက်တာအေးမောင်၏ သားဖြစ်သူ ဦးတင်မောင်ဝင်း တို့က ဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

 

Author: DMG