ရသေ့တောင်စာဟောပြောပွဲတွင် ပြောကြားခဲ့သော စကားရပ်များကြောင့် ဖမ်းဆီးတရားစွဲဆိုခံနေရသည့် ရခိုင်လူငယ် စာရေးဆရာ ဝေဟင်အောင်။ (ဓါတ်ပုံ - ခိုင်ရိုးလ)

ခိုင်ရိုးလ။ သြဂုတ်လ ၁၊ ၂၀၁၈ ခုနှစ်။    ။   ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့၏ ရသေ့တောင် ဟောပြောချက်အသံဖိုင်အား လာမည့်သြဂုတ်လ ၆ ရက်နေ့ အကြိမ် ၂၀ မြောက် ရုံးချိန်းတွင် စစ်တွေခရိုင် တရားရုံး၌ ဖွင့်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲအသံဖိုင်တွင် သူတို့နှစ်ဦး၏ဟောပြောချက်အတိုင်း မှန်၊ မမှန်နှင့် စွဲဆိုထားသည့် အမှုတွဲ တွင်လည်း ရဲတပ်ဖွဲ့မှတင်ပြချက်များမှာ ရခိုင်စကားဖြင့်ဟောပြောချက်အား ဗမာစကားဖြင့် ဘာသာပြန်ဆို ထားသည့်အတွက် မှန်ကန်မှု ရှိ၊ မရှိကို အများရှေ့မှောက်တွင် အသံဖိုင်ဖွင့်မည်ဖြစ်သည်ဟု ဒေါက်တာ အေးမောင်၏အမှုလိုက်ရှေ့နေ ဦးအောင်ကျော်စိန်က ဇူလိုင်လ ၃၀ ရက်နေ့ ၁၉ ကြိမ်မြောက်ရုံးချိန်းတွင် ပြောကြားခဲ့သည်။

“ဟောပြောတာက ရခိုင်ဘာသာစကားနဲ့ဟောပြောတာ။ အခုလက်ရှိ တရားရုံးအမှုတွဲထဲမှာ ရဲကတင်ပြ ထားတာက ဗမာစကားနဲ့တင်ပြထားတယ်။ ဗမာစကားနဲ့ ရခိုင်စကား ဘာသာပြန်ဆိုမှု ကျွမ်းကျင်တဲ့ပညာရှင် ပြန်တာမဟုတ်ဘူး။ ရဲကနေသူ့ဘာသူပြန်ထားတယ်။ ဒီပြန်ဆိုချက်ဟာ ခိုင်မာမှု ရှိ/မရှိ၊ မှန်/မမှန်ဆိုတာကို အများရှေ့မှောက်မှာဖွင့်ပြမယ်။ နောက်ဆုံး ဟောပြောတဲ့အတိုင်း မှတ်တမ်းတင်ပြီး ဆောင်ရွက်သွားမှာပေါ့ ” ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က ပြောသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ရသေ့တောင်မြို့တွင်ပြုလုပ်ခဲ့သည့် ရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျရှုံးခြင်း အထိမ်းအမှတ်စာပေဟောပြောပွဲတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ ဟောပြောချက်များသည် ဥပဒေနှင့်ညီညွတ်မှုမရှိဟုဆိုတာ ၎င်းတို့နှစ်ဦးအား အစိုးရမှဖမ်းဆီးတရားစွဲဆိုခဲ့သည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးအား နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) (ဂ)၊ မတရား အသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇ (၁)တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုထားခြင်းဖြစ်သည်။

အဆိုပါအမှု ၃ မှုလုံးတွင်ပါဝင်သည့် သက်သေ ၆ ဦးကို စစ်ဆေးပြီးဖြစ်ရာ မတရားအသင်း ဆက်သွယ်မှုမှ ကျန်ရှိသည့်တရားလိုသက်သေ ၁၀ ဦးကို ဇူလိုင်လ ၃၀ ရက်နေ့ ရုံးချိန်းတွင် တရားရုံးမှ ပယ်လိုက်သည့်အတွက် သက်သေစစ်ဆေးမှုမှာ ပြီးစီးခဲ့ပြီဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က  “စစ်တာအကုန်ပြီးပြီ၊ သုံးမှုလုံးမှာ ပုံမှန်ပြောမယ်ဆိုရင် ၁၇(၁)မှာ သက်သေက ၁၀ ယောက်ကျန်သေးတယ်။ ဒါပေမယ့် ၁၀ ယောက်လုံးကို မစစ်တော့ပါဘူးဆိုပြီးတော့ ဥပဒေရုံးကပယ်တယ်။ ပယ်လိုက်တဲ့အတွက် အမှု သုံးမှုလုံးမှာ သက်သေစစ်တဲ့ကိစ္စပြီးသွားပြီ ” ဟု ပြောသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အားစွဲဆိုထားသည့် အမှု ၃ မှုထဲမှ နိုင်ငံတော်ပုန်ကန် မှုနှင့် နိုင်ငံတော်အကြည်အညိုပျက်စေမှုတွင် တရားလိုသက်သေ ၆ ဦးနှင့် မတရားအသင်း ဆက်သွယ်မှုတွင် တရားလိုသက်သေ ၁၆ ဦးအထိ အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။

လာမည့်သြဂုတ်လ ၆ ရက်နေ့ အကြိမ် ၂၀ မြောက်ရုံးချိန်းတွင် သက်သေခံအသံဖိုင်ဖွင့်ပြမည်ဖြစ်၍ ထူးခြားမှု ရှိလာမည်ဟုလည်း ဖမ်းဆီးတရားစွဲဆိုခံထားရသည့် စာရေးဆရာဝေဟင်အောင်မှ ပြောဆိုခဲ့သည်။

ရသေ့တောင်စာဟောပြောပွဲတွင် ပြောကြားခဲ့သော စကားရပ်များကြောင့် ဖမ်းဆီးတရားစွဲဆိုခံနေရသည့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်။ (ဓါတ်ပုံ - ကောင်းကောင်း)