(ဒေါက်တာအေးမောင်နှင့်စာရေးဆရာ ဝေဟင်အောင်တို့၏ အမှုကို စက်တင်ဘာလ ၁၄ ရက်နေ့တွင် ရုံးချိန်းလိုက်သည်။ ဓာတ်ပုံ-အောင်အောင်မြင့်/DMG)

ဖဒူ ထွန်းအောင်၊DMG       

စက်တင်ဘာလ ၁၀၊စစ်တွေ

ဒေါက်တာအေးမောင်နှင့်စာရေးဆရာဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၊နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ တို့ဖြင့် စွဲချက်တင်ရန် ဆုံးဖြတ်လိုက်ပြီး မတရားအသင်းဆက်သွယ်မှုဖြင့် စွဲဆိုထားသည့် အမှုကို ပယ်ဖျက်ရန် စစ်တွေခရိုင်တရားရုံးက ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့က ဆုံးဖြတ်လိုက်သည်။

၎င်းတို့နှစ်ဦးသည် အစိုးရယန္တရားတစ်ခုလုံး ယိမ်းယိုင်အောင်ဟောပြောခဲ့သည်ဟုဆိုကာ စွဲချက်တင်ရန် တရားရုံးက  ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဒေါက်တာအေးမောင် အမှု လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဦးကျော်ညွန့်မောင်က ရှေ့နေက ပြောသည်။

“သူရဲ့ ပြောကြားချက်တွေဟာ နိုင်ငံတော်ပုန်ကန်ဖို့၊သီးခြားနိုင်ငံ ထူထောင်ဖို့ ပြောတာ မဟုတ်ဘူး။ သူက ဖယ်ဒရယ်လမ်းကြောင်းပဲ ပြောတာ။အဲဒါကြောင့် ဒေါက်တာအေးမောင်ရဲ့ ဟောပြောချက်တွေဟာ နိုင်ငံတော် ပုန်ကန်မှုနဲ့ရော နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ ငြိစွမ်းတယ်လို့ မမြင်ဘူး ”ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဒေါက်တာအေးမောင်တို့ ဟောကြားခဲ့သည့် စာများဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်တို့ကို တင်ပြသည့်စာများမှာ ၎င်းတို့ဟောပြောခဲ့သည့် မူရင်းဟောပြောချက်နှင့် မတူဟု ရဲအရာရှိများက တရားရုံးတွင်ထွက်ဆိုခဲ့ပြီ ဖြစ်ကြောင်း ဒေါက်တာအေးမောင်က တရားရုံးအထွက်တွင် ပြောကြားခဲ့သည်။

“ကျနော်တစ်ခု စိုးရိမ်တာက နိုင်ငံတော် သမ္မတကို တင်တဲ့အမှုတွေမို့လို့၊ဦးတိုက်လျှောက်ထားတဲ့ အမှုတွေမို့လို့ စွဲချက်တင်ရတာလား၊အဲဒါဆိုရင် လွတ်လပ်တဲ့ တရားစီရင်ရေးအပေါ်မှာ ပြည်သူက သံသယဝင်တော့မယ်။ ဘက်လိုက်မှုကင်းစေချင်တယ်။ ဘက်လိုက်မှုဆိုတာ အစိုးရက စွဲတာဖြစ်လို့ ၊နိုင်ငံတော်သမ္မတကြီးကို တင်ရတဲ့ အမှုမို့လို့ အတင်းစွဲချက် မတင်ဖို့လိုတယ်။ ”ဟု  ဒေါက်တာအေးမောင်က ပြောသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်မိသားစုတို့က သူတို့ ယနေ့ ပြန်လည် လွတ်မြောက်ရန် မျှော်လင့်ခဲ့ကြသည်။သို့သော် သူတို့ မျှော်လင့်ထားသကဲ့ ဖြစ်မလာဖြင့် တရားမျှတမှု မရှိဟု ခံစားရသည်ဟု စာရေးဆရာဝေဟင်အောင်၏ အစ်ကို ဦးသိန်းဝင်းက ဆိုသည်။

“သက်သေတွေနဲ့ အမှုကို စ၊ဆုံး စစ်ဆေးတာကို နားထောင်တဲ့အခါ သုံးမှုစလုံး တစ်ခု မမြောက်ဘူးလို့ နားလည်ထားတယ်။အပြီးသတ်အမိန့်ချတဲ့အခါ ဘယ်လို ရလာဒ်ထွက်လာမလဲဆိုတာကို စောင့်ကြည့်ရမယ့် အနေအထားဖြစ်နေတယ် ”ဟု ၎င်းက ဆိုသည်။

၎င်းတို့ကို ဇန်နဝါရီလအတွင်းက ရသေ့တောင်မြို့မှာ ကျင်းပသည့် ရခိုင့်နိုင်ငံတော် အချုပ်အခြာ အာဏာ ကျရှုံးခြင်း အထိမ်းအမှတ်စာပေဟောမှုကြောင့် နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂ ၊နိုင်ငံတော် အကြည်အညိုပျက်စေမှု ၅၀၅ (ခ) နှင့် မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇ (၁) တို့ဖြင့် တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်