နေရောင်မင်း(စစ်တွေ)/DMG

မတ်လ ၁၈၊ စစ်တွေ

နိုင်ငံတော် ပုန်ကန်မှု၊နိုင်ငံတော် အကြည်အညိုပျက်စေမှုတို့ဖြင့် တရားစွဲဆိုခံထားရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို မနက်ဖြန် (မတ်လ ၁၉ ရက်)တွင် အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့က ယင်းအမှုနှင့်ပတ်သက်ပြီး အပြီးသတ်လျှောက်လဲချက် ပေးခဲ့ကြသည်။

အပြီးသတ်လျှောက်လဲချက်ပေးရာတွင် ဒေါက်တာအေးမောင်အား တရားစွဲဆိုထားသည့် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် အပြစ်မပေးသင့်ဟု ဒေါက်တာအေးမောင်၏ ရှေ့နေ့က လျှောက်လဲချက်ပေးခဲ့သည်။

ထို့ပြင် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲဆိုထားသည်မှာလည်း ဒေါက်တာ အေးမောင်အနေဖြင့် တိုင်းပြည်တွင် အမှန်ဖြစ်နေသည်များကို ဟောပြောခဲ့ခြင်းသာ ဖြစ်သည့်အတွက် ပုဒ်မ ၅၀၅(ခ)ဖြင့်လည်း အပြစ်မပေးသင့်ကြောင်း လျှောက်လဲချက်ပေးခဲ့သည်ဟု ရှေ့နေ ဦးအောင်ကျော်စိန်က ပြောသည်။

စာရေးဆရာ ဝေဟင်အောင်အတွက် အပြီးသတ်လျှောက်လဲချက်ပေးရာတွင် ၎င်းကို စွဲဆိုထားသည့် အမှုများနှင့် အပြစ်ပေးရန် အကြောင်းမပေါ်ဟု လျှောက်လဲချက်ပေးခဲ့ကြောင်း ဝေဟင်အောင်၏ အမှုကို လိုက်ပါဆောင်ရွက် နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

“သူဟောပြောတယ်ဆိုတာကို မငြင်းဘူး။ ဟောပြောတဲ့ အကြောင်းအရာတွေကိုလည်း မငြင်းဘူး။ ဒါပေမယ့် အဲဒီအကြောင်းအရာကို တစ်ပိုဒ်ချင်း ကောက်နှုတ်ပြီးတော့ ဖြတ်၊ ညှပ်၊ ကပ် လုပ်တာ မဟုတ်ဘဲနဲ့ တစ်ခုလုံးရဲ့ ရည်ရွယ်ချက်၊ စေတနာကိုကြည့်မယ်ဆိုရင် ဘယ်ရာဇသတ်ကြီးပုဒ်မနဲ့မှ ဘယ်ဥပဒေနဲ့မှ ပြစ်မှုကြောင်းအရ မငြိစွန်းဘူးဆိုတာ ကျမတို့ အဓိကထားပြီးတင်ပြတယ်” ဟု ဒေါ်အေးနုစိန်က ပြောသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့နှစ်ဦးမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ရသေ့တောင်မြို့တွင် ပြုလုပ်ခဲ့သည့် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲအတွင်း ပြောကြားချက်များနှင့် ပတ်သက်ပြီး အစိုးရက ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

Author: နေရောင်မင်း(စစ်တွေ)