သြဂုတ် ၁၄၊ ခိုင်ရိုးလ

အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် လူငယ်စာရေးဆရာ ဝေဟင်အောင်တို့၏ ရသေ့တောင်စာဟောပြောပွဲတွင် ဟောပြောခဲ့သော တိတ်ခွေအသံဖိုင်စစ်ဆေးခြင်းကို သြဂုတ်လ ၁၃ ရက်နေ့ ၂၁ ကြိမ်မြောက်ရုံးချိန်းတွင် စစ်တွေခရိုင်တရားရုံး၌ ပြီးဆုံးသွားပြီဖြစ်ကြောင်းနှင့် နောက်တစ်ပတ် ရုံးချိန်းမှာ သူတို့နှစ်ဦး၏အမှုကို စွဲချက်တင်မတင် လျှောက်လဲချက်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ဒီနေ့ကတော့ အသံဖိုင်စစ်ဆေးတာ သုံးမှုစလုံးပြီးသွားပြီ ဖြစ်ပါတယ်။ စွဲချက်တင်သင့်မတင်သင့် လျှောက်လဲချက်အတွက် နောက် ဒီလ ၂၇ ရက်နေ့ကို ချိန်းဆိုလိုက်ပါတယ်။ ” ဟု ပြောသည်။

၎င်းတို့နှစ်ဦး၏ အသံဖိုင်စစ်ဆေးသည့်နေရာတွင် မပြည့်စုံမှုများရှိနေပြီး ဘာသာပြန်သောအခါ  ပြန်ဖြည့်စွက်မှုများရှိခဲ့သည်။ ယခု စီဒီခွေသည် သက်သေခံတင်ပြ၍ အသံဖိုင်စစ်ဆေးသည့်အခါ ပြဌာန်းထားသော သက်သေခံဥပဒေနှင့် မညီဖြစ်နေသည်ကို ၄င်းတို့ဘက်မှ တင်ပြထားကြောင်း သိရသည်။

ဒေါက်တာအေးမောင်နှင့် ဝေဟင်အောင်တို့ အမှုသုံးခုအတွက် တင်သွင်းထားသော သက်သေခံ အသံစီဒီခွေမှာ ဖုန်းနှင့်ဖမ်းယူခဲ့မှုသည် ဒုတိယတန်းစား မိတ္တူဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

ဒီလိုအသံသွင်းဖိုင်တွေကို ကျွန်မတို့ ရှေ့နေတွေဘက်ကတော့ ဒီစီဒီခွေတွေဟာ ပြဌာန်းထားတဲ့ ဥပဒေအရ အသံခွေဟာ သက်သေခံဝင်တယ်ဆိုပေမယ့် သက်သေခံပြဌာန်းထားတဲ့ ဘောင်ထဲမှာ မဝင်ပါဘူး။ အဓိကအားဖြင့် မူရင်းမဟုတ် မူရင်းကတော့ ဖုန်းနဲ့ဖမ်းခဲ့တယ်ဆိုတာ တရားလိုသက်သေခံတွေရဲ့ ထွက်ဆိုချက်မှာ ပါပြီးသားဖြစ်တယ်။ အဲတော့ ဖုန်းကိုတင်ပြတာမျိုးမဟုတ်ဘဲနဲ့ ဖုန်းကတဆင့် စီဒီခွေထုတ်လိုက်ပြီဆိုတော့ ဒါဟာ ဒုတိယတန်းစားမိတ္တူဖြစ်တယ်။ ဒါကြောင့် ကျွန်မတို့ဘက်မှ ဒါဟာ သက်သေခံမဝင်ပါဘူးဆိုပြီး လုပ်ထားပါတယ်။ ” ဟုပြောသည်။

သူတို့နှစ်ဦး၏ အမှုကို သြဂုတ်လ ၂၇ ရက်နေ့ ရုံးချိန်းတွင် လျှောက်လဲချက်ပေးပြီးပါက နောက်တစ်ခေါက်ရုံးချိန်းတွင် စွဲချက်တင်သင့်မတင်သင့် အမိန့်ချမည်ဖြစ်သည်ဟု သိရသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ပြီးခဲ့သည့် ဇန်နဝါရီလက ရသေ့တောင်မြို့နယ်မှာ ဟောပြောသော ရခိုင့်အချုပ်အခြာအာဏာကျရှုံးခြင်း စာပေဟောပြောပွဲမှ ဟောပြောချက်များနှင့် ပတ်သက်ပြီး အစိုးရက ပုဒ်မသုံးခုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ 

၎င်းတို့နှစ်ဦးကို စွဲဆိုထားထားသော အမှုသုံးခုတွင် နိုင်ငံတော် သစ္စာဖောက်ဖျက်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ)၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တို့လည်းဖြစ်သည်။