မင်းထွန်း၊ DMG

စက်တင်ဘာလ ၂၇၊ စစ်တွေ

ဖမ်းဆီးခံနေရေသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ အမြန်ဆုံးလွတ်မြောက်လာစေရန်  ဘူးသီးတောင်မြို့ ၊သပြေကုန်းစေတီတော်ရင်ပြင်၌  စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဆုတောင်းပွဲပြုလုပ်သည်။

သူတို့နှစ်ဦးသည် နိုင်ငံတော် ပုန်ကန်မှုပုဒ်မ၊နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မတို့ဖြင့် အမှုရင်ဆိုင်နေရခြင်းဖြစ်ပြီး ပြန်လည်လွတ်မြောက်လာစေရန် ပြည်သူများက ဆုတောင်းပွဲပြုလုပ်ခြင်းဖြစ်သည်။

“ကျနော်တို့ တရားဝင်ခွင့်ပြုချက်ရမှ မြို့သူ၊ မြို့သားတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့ အများဆန္ဒအရ ဆုတောင်းပွဲ ပြုလုပ် ရခြင်းဖြစ်ပါတယ်။ ဒေါက်တာအေးမောင်နဲ့ ဝေဟင်အောင်တို့ ဟာာ  နိုင်ငံတော် ပုန်ကန်မှုပုဒ်မ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ တို့ပဲ ကျန်တော့တာကြောင့် အမြန်ဆုံးလွှတ်မြောက်နိုင် မယ်လို့ မျှော်မှန်းလို့ ဆုတောင်းပွဲ ပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟု ဆုတောင်းပွဲစီစဉ်သူ ဦးခင်မောင်ရွှေက ပြောသည်။

သူတို့နှစ်ဦး လွတ်မြောက်ရန်အတွက်  သြဂုတ်လ ၅ ရက်နေ့က စစ်တွေမြို့ အတုလမာရဇိန် ပြည်လုံးချမ်း သာဘုရားကြီး ရင်ပြင်အတွင်းလည်း  စစ်တွေဒေသခံ ၂၀၀ ကျော်ခန့်ကလည်းဆုတောင်းပွဲ ပြုလုပ်ခဲ့ဖူးသည်။

ဒေါက်တာအေးမောင်နှင့်စာရေးဆရာဝေဟင်အောင်တို့ကို နိုင်ငံတော် ပုန်ကန်မှုပုဒ်မ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတို့ဖြင့်  စွဲချက်တင်ရန် ဆုံးဖြတ်လိုက်ပြီး မတရားအသင်း ဆက်သွယ်မှုဖြင့် စွဲဆိုထားသည့် အမှုကို ပယ်ဖျက်ရန် စစ်တွေခရိုင်တရားရုံးက စက်တင်ဘာလ ၁၀ ရက်နေ့က ဆုံးဖြတ်လိုက်သည်။

ဒေါက်တာအေးမောင်နှင့်ဝေဟင်အောင်တို့သည် ဇန်နဝါရီလအတွင်းက ရသေ့တောင်မြို့မှာ ကျင်းပသည့် ရခိုင့်နိုင်ငံတော် အချုပ်အခြာ အာဏာကျရှုံးခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောမှုကြောင့် နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂ ၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ၅၀၅ (ခ) နှင့် မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇ (၁) တို့ဖြင့် တရား စွဲဆိုခံခဲ့ခြင်းဖြစ်သည်။