မြောက်ဦးကိစ္စနှင့် ဒေါက်တာအေးမောင် ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး မာန်အောင်မြို့မှာ ဒေသခံ ၂၀၀ ခန့်က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ဓါတ်ပုံ - facebook

ဇန်နဝါရီလ ၂၂ ရက်၊ ၂၀၁၈ ခုနှစ်။   ။   မြန်မာနိုင်ငံမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ပင်လုံညီလာခံကို အကောင်အထည်ဖော်နေသည့်ကာလအတွင်း တိုင်းရင်းသားလူမျိုးတစ်ခု၏ ခေါင်းဆောင် ဒေါက်တာအေးမောင်ကို ဖမ်းဆီးခြင်းသည် တိုင်းရင်းသားညီညွှတ်ချစ်ကြည်ရေးကို ထိခိုက်စေသောကြောင့် ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လည်က မာန်အောင်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ရာမှာ လူ ၂၀၀ ခန့်ပါဝင်ပြီး ဒေါက်တာအေးမောင်အား အရေးယူထားမှုကို ပြန်လည်ရုပ်သိမ်းပြီး လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြသည်ဟု ဆန္ဒဖော်မှုကို ဦးဆောင်သူ ကိုသန်းနိုင်က ယခုလိုပြောသည်။

“ ဒေါက်တာအေးမောင်ကို ဖမ်းဆီးတဲ့ ကိစ္စဟာ တကယ်ကို တိကျခိုင်မာတဲ့ ကျူးလွန်တာ မရှိဘဲနဲ့ ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲပြီးတော့ ဖမ်းတယ်ဆိုတဲ့ ကိစ္စ၊ စာရေးဆရာ ဝေဟန်အောင်တို့ကို ဖမ်းတယ်ဆိုတဲ့ ကိစ္စ၊ နိုင်ငံတော် သစ္စာဖောက်မှုထိ တရားစွဲဆိုမယ်ဆိုတဲ့ ကိစ္စ၊ ဒီကိစ္စတွေဟာ တိုင်းရင်းသားပြန်လည် သင့်မြတ်ရေးတို့၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုတော့ ၂၁ ပင်လုံကျင်းပနေတဲ့ ကာလမျိုးမှာ ဒီကိစ္စမျိုးတွေကို မလုပ်သင့်ဘူး။ ဒေါက်တာအေးမောင်နဲ့ ဆရာ ဝေဟင်အောင်တို့ကိုလည်း ဖမ်းတဲ့ကိစ္စ ကန့်ကွက်တဲ့ ဆန္ဒဖော်ထုတ်မှုပါ။  ” ဟု ပြောသည်။

မြောက်ဦးမြို့မှာ ဖြစ်ပွားခဲ့သည့် ကိစ္စမှာလည်း ရဲတပ်ဖွဲ့ဝင်များ အင်အားအလွန်အကျွံသုံးခဲ့ကြောင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ရှင်သန်ခွင့်တို့ ချိုးဖောက်ခံနေရကြောင်းကိုလည်း ထည့်သွင်းဆန္ဒဖော်ထုတ်ခဲ့သည်။

တိုင်းရင်းသားလူမျိုးတစ်မျိုး၏ ခေါင်းဆောင်ကို တကယ့် တိကျခိုင်မာသည့် အချက်အလက်များ မရှိဘဲနှင့် စွပ်စွဲမှုနှင့် တရားစွဲဆိုခြင်းသည် ၂၁ ပင်လုံကိုသာမက တိုင်းရင်းသားချစ်ကြည်ရေးကို ထိခိုက်ကြောင်း၊ ယင်းအပြင် အခြားတိုင်းရင်းသားများ၏ ခေါင်းဆောင်များကိုလည်း ဖမ်းဆီးလာနိုင်ကြောင်း ကိုသန်းနိုင်က ပြောသည်။

Author: နေရောင်မင်း(စစ်တွေ)