နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (National Verification Card- NVC) များ ထုတ်ပေးနိုင်ရေးလုပ်ငန်းများကို ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာမှ ပြည်နယ်ဦးစီးမှူး ဦးစီး၍ အောက်တိုဘာ ၁၂ ရက် မှစပြီး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ဓါတ်ပုံ​ - သတင်းထုတ်ပြန်ရေးကော်မတီ

အောက်တိုဘာ ၂၅၊ ၂၀၁၇ ခုနှစ် ။    ။    မောင်တောမြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများဖြစ်သော ရွှေဇား မြောက်/အနောက်/အလယ်ရွာတို့မှ လူဦးရေ ၂၆၀၀ ကျော်ကို သက်သေခံကတ်ပြား (NVC) များ ထုတ်ပေးနိုင်ရန် လဝကဌာနမှ စီစဉ်ဆောင်ရွက် နေသော်လည်း နောက်ကွယ်က ခြိမ်းခြောက်မှုများရှိနေ၍ နိုင်ငံသားစိစစ်ခံမည့်သူ လာရောက်မှု အလွန်းနည်းပါးနေကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမှ သိရသည်။

မနေ့က အောက်တိုဘာလ ၂၄ ရက်နေ့က နိုင်ငံသားစိစစ်ခံမည့်သူ ဘင်္ဂလီတစ်ဦးသာ ရောက်ရှိကြောင်း ပြည်နယ်လဝကဦးစီးမှူးက ပြောသည်။

“ ဒီလို လာရောက် ပြုလုပ်သူ နည်းပါးလာရခြင်းဟာ နောက်ကွယ်က ခြိမ်းခြောက်မှုတွေ ရှိနေလို့ဖြစ်တယ်။ ပြုလုပ်သူတွေကို ဖုန်းဆက်ပြီး ခြိမ်းခြောက်သူတွေရှိနေတယ်။ NV Card လုပ်လိုက်ရင် နိုင်ငံခြားသား ဖြစ်သွားမယ်။ NV Card လုပ်လိုက်ရင် သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုပါ သိမ်းယူမယ် စသည်ဖြင့် ဝါဒဖြန့်တာတွေကို ပြည်တွင်းပြည်ပမှ ဘင်္ဂါလီအုပ်စုတွေက ဖုန်းဆက်ပြီး တာဆီးမှုတွေရှိနေလို့ အခုလို ပြုလုပ်သူ နည်းပါးလာရတာ ဖြစ်တယ်။ ” ဟု ပြောသည်။

ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမှ ပြည်နယ်ဦးစီးမှူး ဦးစီး၍ အောက်တိုဘာ ၁၂ ရက်မှစပြီး နိုင်ငံသားစိစစ်ခံမည့်လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၂၃ ရက်နေ့ အထိ NVC ပြုလုပ်သူ (၉၆) ဦးနှင့် NID ပြုလုပ်သူ (၁၁၇) ဦး လာရောက်ပြုလုပ်မှုရှိသေးကြောင်း သိရသည်။

ယင်းရွှေစားအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမှ အဖွဲ့(၄)ဖွဲ့ခွဲပြီး စက်(၄)လုံး၊ ဝန်ထမ်း အင်အား (၆၀) ဖြင့် ပြုလုပ်နေခြင်းဖြစ်ဖြစ်သည်။

ကျေးရွာရှိ ဘင်္ဂါလီ ဘာသာရေးခေါင်းဆောင်များနှင့် ရွာသူ၊ ရွာသားများကို NVC ကတ်၏ အကျိုးကျေးဇူးကို ပြည်နယ်လဝကမှ စည်းရုံးဟောပြောခြင်းများပြုလုပ်လျှက်ရှိသည်။ ယခုပေးမည့် NVC ကတ်သည် မြန်မာနိုင်ငံအတွင်း နေထိုင်သူများကိုသာ ပေးခြင်းဖြစ်ပြီး နိုင်ငံခြားသားကို ထုတ်ပေးခြင်းမဟုတ်ဆိုသည့် အကြောင်း၊ NVC ကတ်သည် မြန်မာနိုင်ငံအတွင်း နေထိုင်သူဖြစ်ကြောင်းကို အသိအမှတ်ပြု လက်မှတ်ဖြစ်ကြောင်း၊ NVC ကတ်ပြားရလျှင် ခရီးသွားလာခြင်း၊ ဆေးကုသခြင်း၊ ဘဏ်ကိစ္စများနှင့် အခြားအလုပ်အကိုင်များပြုလုပ်ခြင်း အခွင့်အရေး ရရှိလာမည်ဆိုသည့်အကြောင်း၊ ဆက်လက်ပြီး နိုင်ငံသားဖြစ်ရန်အတွက် စိစစ်ဆောင်ရွက်မှုများ ပြုလုပ်ပါက နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ယင်းမှသာ နိုင်ငံသားအခွင့်အရေးများ အပြည့်အဝ ရရှိလာမည်ဟု ဘင်္ဂလီများကွဲပြားစွာ နားလည်နိုင်စေရန် မြန်မာဘာသာ၊ ဘင်္ဂါလီဘာသာစကားတို့ဖြင့် ရှင်းလင်း ဟောပြောခြင်းများကို ဆောင်ရွက်လျှက်ရှိသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ARSA ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွင် ရွှေစားကျေးရွာ ပါဝင်ခြင်းမရှိသည့်အတွက် ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်နယ်လဝက ဦးစီးမှူးက ပြောသည်။

Author: ချလူးအောင်