
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်၊ ချလူးအောင် / DMG
ခမီတိုင်းရင်းသားတို့၏ ရိုးရာဆနီပွဲတော်ကို ဘူးသီးတောင်မြို့ ဂန္ဓာရီ ပရဟိတကျောင်းတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့က ကျင်းပခဲ့သည်။
ဆနီပွဲတော်သည် “နေ” နဲ့ “လ” ကို ပူဇော်သပသည့် ပွဲတော်တစ်ခုဖြစ်ပြီး နေထွက်လာချိန်တွင် နေထွက်အက၊ လထွက်လာချိန်တွင် လထွက်အကတို့ဖြင့် ကပြရသည့် ရိုးရာပွဲတော်တစ်ခုဖြစ်ကြောင်း ခမီတိုင်းရင်းသားများက ပြောသည်။
ခမီလူမျိုးများ စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးလေကျော်အောင်က “လတိုင်နဲ့ နေတိုင်ကို စိုက်ထူ ရာမှာ ဝါးလုံး ၇၅ လုံးနဲ့ပြုလုပ်ရတယ်။ လတိုင်နဲ့ နေတိုင်မှာ ကျွဲ၊ နွားတစ်ကောင်စီချည်နှောင်ပြီး သတ်ဖြတ် ပူဇော်ကြရတယ်။ နောက်ရက်တွေမှာ ကပွဲ ဆက်ကျင်းပချင်တယ်ဆိုရင် ငွေကြေးတတ်နိုင်သူတွေက ဝက်ကို ချည်နှောင်ပြီး သတ်ဖြတ်ပူဇော် ကပြကြရပါတယ်။ ပွဲရက်တိုးချဲ့ကပြမယ်ဆိုယင် နောက်ထပ် သားကောင် တွေကို ချည်နှောင်သတ်ဖြတ်ပြီး ကပြရပါတယ်” ဟု ပြောသည်။
ခမီတိုင်းရင်းသားတို့၏ ဆနီပွဲတော်ကို ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဘူးသီးတောင်မြို့ ဂန္ဓာရီပရဟိတ ကျောင်းတွင်ကျင်းပခဲ့ပြီး မြောက်ဦးမြို့နယ် လောင်ရီချောင်းကျေးရွာတွင် တစ်နှစ်ကျင်းပခဲ့ရာ အကြောင်း အမျိုးမျိုးကြောင်း ဆက်လက်မကျင်းပနိုင်ခဲ့ဘဲ ယခု ၂၀၁၈ ခုနှစ်မှ ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း သိရပြီး ဆနီပွဲတော်အတွင်း ခမီလူမျိုးများ၏ အမဲလိုက်အကများလည်း ပါဝင်ကြောင်း သိရသည်။




