ခင်သရဖီဦး၊ DMG

စက်တင်ဘာ ၂၀၊ ပေါက်တော

ပေါက်တောမြို့နယ်တွင် ကျွဲ၊နွားများပျောက်ဆုံးများ မကြာခဏရှိနေသော်လည်း ခိုးယူသူများကို ဖမ်းဆီးနိုင်ရန်  ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အခက်အခဲများရှိနေသည်ဟု ပေါက်တောမြို့မ ရဲစခန်းမှ ရဲအုပ်သန်းဌေးက DMG ကို ပြောသည်။

ပေါက်တောရဲအနေဖြင့် ရဲတပ်ဖွဲ့ဝင်အားနည်းပါးသောကြောင့် ကျွဲ၊နွားခိုးယူသူများကို ဖမ်းဆီးရန် အခက်အခဲရှိသည်ဟု ပြောကြားသော်လည်း ရဲတပ်ဖွဲ့ဝင် အရည်အတွက်ကို ဖြေဆိုရန် ငြင်းဆန်သည်။

 “ ရဲတွေကလည်း အင်းအားရှိသလောက် ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ လုံလုံလောက်လောက် မဆောင်ရွက်နိုင်ဘူး ဟု ရဲအုပ်သန်းဌေးက  ပြောသည်။

ယင်းအပြင် လမ်းပန်း ဆက်သွယ်ရေးခက်ခဲမှု နှင့်ရဲတပ်ဖွဲ့ပိုင်စက်လှေများမရှိခြင်းတို့ကြောင့်လည်း  ကျွဲ၊နွားခိုးယူသူများကို ဖမ်းဆီးရန် အခက်အခဲရှိနေသည်ဟု ရဲအုပ်သန်းဌေးက ဆိုသည်။

ဘာလို့လဲဆိုတော့ မြစ်မှာသွားစောင့်ကြည့်မည့် စက်လှေတွေမရှိဘူး။ ရဲတွေက မြစ်တွေမှာ စောင့်ကြည့်ဖို့  ခရီးသွားမယ်ဆိုရင် စက်လှေတစ်စီးကို တစ်ရက်မှာ ကျပ် ၆၀၀၀၀ ကျပ် ၇၀၀၀၀ ထိပေးရတယ်။ ဒါကြောင့် အခက်အခဲရှိတယ်ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ကျွဲ၊နွားများပျောက်ဆုံးမှုနှင့်ပတ်သတ်ပြီး အခြေခံလူတန်းစားတောင်သူများ၏ ထိခိုက်နစ်နာမှုမဖြစ်ပေါ်စေရေးအတွက် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးရေး အဆိုကို  ပေါက်တောမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်   ဦးအောင်ကျော်ထွီးက  ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့တွင် အတည်ပြုလိုက်သည်။

ကျွဲ၊နွားပျောက်ဆုံးမှုများနှင့်ပတ်သတ်ပြီး ရဲစခန်းကို တိုင်ကြားသော်လည်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဂရုစိုက် ဆောင်ရွက်မှုများအားနည်းသည်ဟု  ဦးအောင်ကျော်ထွီးကအဆိုတွင် ထည့်သွင်းပြောခဲ့သည်။

သို့သော် ကျွဲ၊နွားခိုးယူမှုများနှင့်ပတ်သတ်ပြီး အရေးယူဖမ်းဆီးမှုများယခင်ကလည်းရှိခဲ့ပြီး ယခုလည်း ဖမ်းဆီးမှုများဆောင်ရွက်နေကြောင်းနှင့် ကျွဲ၊နွားပျောက်ဆုံးမှုများကို တိုင်ကြားလာလျှင် ဖမ်းဆီးမည်ဖြစ်ကြောင်း ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က ဦးအောင်ကျော်ထွီး၏ အဆိုနှင့်ပတ်သက်ပြီး လွှတ်တော်၌ ဖြေကြားခဲ့သည်။   

ပေါက်တောမြို့နယ်တွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ကျွဲ၊နွား ၁၀၀၀ ကျော်ခန့် ပျောက်ဆုံးမှုရှိခဲ့သည်။