
(ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း သက်ငယ် အဓမ္မပြုကျင့်မှူ ပပျောက်ရေး စစ်တွေမြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြစဉ်။ ဓါတ်ပုံ - ဖေ့စ်ဘုတ်)
မေလ ၂၀ ရက်၊ ၂၀၁၇ ခုနှစ်၊ ပေါက်တော (DMG) ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် သက်ငယ်အဓမ္မပြုကျင့်မှုဖြစ်ပွားရခြင်းမှာ အသိဥာဏ်အားနည်းမှုကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်ဟု ပေါက်တောမြို့မရဲစခန်းမှ ရဲအုပ်ဦးသန်းဌေးက ပြောဆိုလိုက်သည်။
မနေ့က မေလ ၁၉ ရက်နေ့က ကျောက်တောင်ကျေးရွာအုပ်စု၊ ပြင်မကျေးရွာမှ အသက် (၉) နှစ် အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရမှုနှင့်ပတ်သတ်ပြီး ပေါက်တောမြို့မရဲစခန်းမှ ရဲအုပ်ဦးသန်းဌေးက ပြောဆိုခြင်းဖြစ်သည်။
“ အသိဥာဏ်နည်းလို့ပေါ့။ အသိဥာဏ်ဖွံ့ဖြိုးမှု နည်းလို့ဖြစ်ရတာ။ စာမတတ်၊ ပညာမတတ်တာ လည်းပါတယ်။ ” ဟု ၎င်းကပြောဆိုသည်။
ဖြစ်စဉ်မှာ မေလ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန်ခန့်က ပေါက်တောမြို့နယ်၊ ကျောက်တောင်ကျေးရွာအုပ်စု ပြင်မကျေးရွာတွင် မ (-------) အား အသက် (၂၀) နှစ်အရွယ် ကျောက်တောင်ကျေးရွာနေ ဆန်းကြီး (ခ) ကျော်ဆန်းလှိုင်က အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။
“ သူ့အမေဟာ ကလေးမလေးကိုထားခဲ့ပြီး ဈေးဝယ်ဖို့သွားတယ်။ အဲဒီအချိန်မှာ ကလေးမလေး တစ်ယောက်တည်း ရှိနေတုန်း ဆန်းကြီးဆိုတဲ့သူက ရောက်လာပါတယ်။ ပြီးတော့ ကလေးမလေးကို အိမ်ပေါ်ခေါ်တင်တယ်။ ကလေးမလေးဟာ မလာဘူး။ အဲဒီတော့ အတင်းအဓမ္မပြုကျင့်လိုက်တယ်။ ” ဟု ပေါက်တောမြို့မရဲစခန်းမှ ရဲအုပ် ဦးသန်းဌေးက ပြောသည်။
အဓမ္မပြုကျင့်ခဲ့သူအား မိန်းကလေးမိခင်ဖြစ်သူက ကျောက်တောင်ရဲစခန်းတွင် တိုင်ကြားခဲ့ပြီး နာရီပိုင်းအတွင်းတွင် ဆန်းကြီး (ခ) ကျော်ဆန်းလှိုင်အား ကျောက်တောင်ရဲကင်းမှ တပ်ကြပ်သိန်းဦးနှင့်အဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး (ပ) ၆၆/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ ပေါက်တောမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ပေါက်တောမြို့နယ်တွင် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်ကလည်း သက်ငယ်အဓမ္မပြုကျင့်မှု ၄ မှုဖြင့် ရခိုင်ပြည်နယ်အတွင်း အဖြစ်အများဆုံးမြို့နယ်တစ်ခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။
ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအရ ၂၀၁၆ ခုနှစ်တွင် သက်ငယ်အဓမ္မပြုကျင့်မှု ၂၄ မှုအထိရှိခဲ့ကာ ပေါက်တော၊ တောင်ကုတ်မြို့နယ်တို့တွင် ၄ မှုစီ၊ စစ်တွေ၊ ပုဏ္ဏားကျွန်းမြို့နယ် တို့တွင် ၃ မှုစီ၊ ကျောက်ဖြူ၊ သံတွဲ ဂွမြို့နယ်တို့တွင် ၂ မှုစီ၊ ရသေ့တောင်၊ မြေပုံ၊ ကျောက်တော်နှင့် အမ်းမြို့နယ်တို့တွင် ၁ မှုစီ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အတွင်းတွင် သက်ငယ်အဓမ္မပြုကျင့်မှု တစ်နှစ်ထက်တစ်နှစ်များပြားလာလျှက်ရှိရာ ယင်းသို့ များပြားလာခြင်းမှာ ထိရောက်သည့် ဥပဒေတစ်ရပ်မရှိခြင်းဖြစ်ကြောင်း၊ ထိရောက်သည့် ဥပဒေတစ်ရပ်ပြဌာန်းပေးရန်အတွက် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလအတွင်းက စစ်တွေမြို့တွင် လူမှုအဖွဲ့အစည်းပေါင်း (၁၄) ဖွဲ့ပူးပေါင်း ဆန္ဒဖော်ထုတ်မှု တစ်ရပ်လည်းပြုလုပ်ခဲ့သည်။





