(ပေါက်တောမြို့နယ် လူမှူကွန်ယက်အဖွဲ့၏ ဥက္ကဌ ဦးဦးကျော်ဝင်း။ ဓါတ်ပုံ - ဇော်ဇော် (မြောက်ဦး)/DMG)

ဇူလိုင် ၁၄ ရက်၊ ၂၀၁၇ ခုနှစ် (DMG) ။   ။   ပေါက်တောမြို့နယ်အတွင်း အကူအညီပေးနေသည့် INGO/NGO အဖွဲ့များ လုပ်ငန်းဆောင်ရွက်မှူများကိုချပြရာတွင် ပွင့်လင်းမြင်သာစွာ ချပြပေးရန်လိုအပ်ကြောင်း ဒေသခံများကတောင်းဆိုကြသည်။

 

ယနေ့ (ဇူလိုင်လ ၁၄ ရက်) ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး မြို့နယ်ခန်းမတွင် ပြုလုပ်သည့် Save The Children တက်လမ်းအဖွဲ့မှ ပေါက်တောမြို့နယ်အတွင်း ကူအညီပေးနေ ခြင်းနှင့်ပတ်သက်ပြီး လုပ်ငန်းဆိုင်ရာများ ဆွေးနွေးပွဲတွင် ဒေသခံများကိုယ်စား ပေါက်တောမြို့နယ် လူမှူကွန်ယက်အဖွဲ့၏ ဥက္ကဌ ဦးဦးကျော်ဝင်းမှ ယင်းကဲ့သို့ တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

 

“ ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းသို့ နိုင်ငံတကာ အကူအညီပေးအဖွဲ့ များ အကူအညီပေးဖို့ ဝင်လာကြတယ်။ ကျနော်တို့ ပေါက်တောမြို့မှာဆို မပြိုမပျက်ပဲ ဘင်္ဂလီကျေးရွာတွေရှိတယ်။ ဒုက္ခသည်စခန်းတွေလည်း ရှိနေကြတယ်။ အဲဒီကျေးရွာတွေ၊ ဘင်္ဂလီတွေကိုလည်း ဘာတွေကို လုပ်ထားလဲ၊ ဘာတွေ အကူအညီပေးထားလဲဆိုတာကို ကျနော်တို့ကို ဒီလိုဆွေးနွေးပွဲမှာ ပွင့်ပွင့်လင်းလင်း ချပြပေးဖို့ လိုအပ်ပါတယ်။ အခုကတော့ ကျနော်တို့ ရခိုင်တွေကိုပဲ ဒါတွေ လုပ်ပေးထားတယ်။ ဒီလိုတော့ အကူအညီပေးထားတယ်။ ရခိုင်တွေကို အကူအညီပေးနေတာကိုပဲ တွေ့ရပါတယ်။ ဒေသခံတွေကို ပြန်လည်မျှဝေဖို့ လိုအပ်တဲ့အတွက် ဘင်္ဂလီတွေကို ဘယ်လိုအစီအမံတွေနဲ့ ဆောင်ရွက်နေသလဲဆိုတာကို ချပြပေးဖို့ တောင်းဆိုပါတယ်။ ” ဟု ပေါက်တောမြို့နယ် လူမှူကွန်ယက်အဖွဲ့၏ ဥက္ကဌ ဦးဦးကျော်ဝင်းက တင်ပြခဲ့သည်။

 

ယနေ့ Save The Children က လုပ်ငန်းဆောင်ရွက်မှူများကို ရှင်းလင်းတင်ပြရာတွင် ရခိုင်ကျေးရွာများ၌ အကူအညီပေးနေခြင်းကိုသာ ပြောကြားခဲ့ကြောင်း၊ ယင်းကဲ့သို့ တင်ပြမှူများသည် ဘင်္ဂလီလူမျိုးထံ အကူအညီပေးမှူများ ပါဝင်ခြင်းမရှိသည့်အတွက် ဒေသခံများကြားတွင် နားလည်မှူလွဲနိုင်ပြီး သံသယဖြစ်လာနိုင်ကြောင်း၊ ရခိုင်လူထုနှင့် ဘင်္ဂလီများကြားတွင် စည်းတစ်ဖက်ကြားနေပြီး ဟာမိုနီ မဖြစ်သေးကြောင်း၊ သတင်းအချက် အလက်များ မသိရခြင်းသည် ဒေသခံလူထုနှင့် နိုင်ငံတကာအဖွဲ့အစည်းများကြားတွင် ဒေသခံ ရခိုင်လူထုများသည် သဘောထား သေးသိမ်သည်ဟု ထင်မြင်နေကြကြောင်း၊ ယနေ့ ဒီမိုကရေစီခေတ် သွားနေသည့် လမ်းကြောင်းတွင် ရခိုင်တိုင်းရင်းသားတို့သည် သဘောထား မသေးသိမ်ပါကြောင်း ဦးဦးကျော်ဝင်းက ဆက်လက်ပြောကြားခဲ့သည်။

 

Save The Children တက်လမ်းအဖွဲ့မှ ပေါက်တောမြို့နယ်တာဝန်ခံ ဒါရိုက်တာ တစ်ဦးကလည်း ဘင်္ဂလီများနှင့်ပတ်သက်ပြီး အကူအညီပေးမှူအခြေအနေများကို ရှင်းလင်းတင်ပြခြင်းမရှိသည်မှာ ပေါက်တောမြို့နယ်အတွင်း Save The Children အနေဖြင့် ဘင်္ဂလီကျေးရွာများသို့ ကူညီနေခြင်းမရှိသည့်အတွက် ပါဝင်ခြင်းမရှိသည်ဖြစ်ကြောင်း၊ ပေါက်တောမြို့နယ်အတွင်း ရခိုင်ကျေးရွာ ၆၅ ရွာကိုသာ အကူအညီပေးများ ပေးနေခြင်းဖြစ်ကြောင်း၊ ပေါက်တောမြို့နယ် လူမှူကွန်ယက်ဥက္ကဌ၏ အကြံပြုပြောကြားခြင်းသည် များစွာအကျိုးရှိပြီး သေချာမှတ်သားထားပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

Save The Children တက်လမ်းအဖွဲ့မှ လုပ်ငန်းဆောင်ရွက်အခြေအနေများကို ၃ လတစ်ကြိမ် ဒေသခံရခိုင်လူထုသို့ ရှင်းလင်းတင်ပြ ဆွေးနွေးလျှက်ရှိပြီး ပေါက်တောမြို့နယ်မှာ အဟာရစီမံကိန်းများ၊ ရေကောင်းရေသန့် ရရှိရေးနှင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး စီမံကိန်းများ၊ စိုက်ပျိုးရေး၊ မိသားစုဝင်ငွေတိုးလုပ်ငန်းစဉ်များနှင့် ငွေရေးကြေးရေး ဝန်ဆောင်မှူများကို အကူအညီပေးနေကြောင်း သိရသည်။

 

ယနေ့ဆွေးနွေးပွဲသို့ ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူး၊ Save The Children အဖွဲ့မှ စီမံကိန်းတာဝန်ရှိသူများ၊ ပေါက်တောမြို့နယ် လူမှူကွန်ယက်အဖွဲ့အပါအဝင် ဒေသခံ လူမှူအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(Save The Children တက်လမ်းအဖွဲ့၏ ပုံမှန်ပြုလုပ်သည့် လုပ်ငန်းဆိုင်ရာများ ဆွေးနွေးပွဲအခမ်းအနား။ ဓါတ်ပုံ - ဇော်ဇော် (မြောက်ဦး)/DMG)

 

(Save The Children တက်လမ်းအဖွဲ့၏ ပုံမှန်ပြုလုပ်သည့် လုပ်ငန်းဆိုင်ရာများ ဆွေးနွေးပွဲအခမ်းအနား။ ဓါတ်ပုံ - ဇော်ဇော် (မြောက်ဦး)/DMG)

Author: ဇော်ဇော်(မြောက်ဦး)