စိမ်းကိုကို / DMG
ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာ၌ မေလ ၁၆ နေ့က စတင်ပြီး တပ်မတော်မှ တပ်စွဲထားသဖြင့် ကျေးရွာသားများမှာ စိုးရိမ်ကြောက်လန့်ပြီး ရွာမှတိမ်းရှောင်နေကြရသည်ဟု ရွာသားများကပြောသည်။
တိမ်းရှောင်သူများမှာ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာဖြစ်စဉ်ကဲ့သို့ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် အနီးအနားရှိကျေးရွာများသို့ တိမ်းရှောင်နေကြခြင်းဖြစ်ပြီး အိမ်ထောင်စု ၂၀၀ နီးပါး တိမ်းရှောင်နေကြကာ အိမ်ထောင်စု ၃၀ ကျော်ခန့်သာ ကျေးရွာအတွင်းကျန်ရှိခဲ့ကြောင်း ပေါက်တောပြင်ကျေးရွာသား ကိုအောင်မြကိုက ပြောသည်။
“မနက်အစောကြီးဝင်လာပြီးတော့ စာသင်ကျောင်းမှာဝင်ပြီး တပ်စွဲတယ်။ အဲဒီမှာလူတွေက ရှေ့ဖြစ်ခဲ့တဲ့ ကျောက်တန်းတို့မှာလို ဖြစ်မှာစိုးလို့ အနီးအနားကရွာတွေကို ထွက်ပြေးနေကြတာ။ ရွာမှက အိမ်ထောင်စုတစ်စုမှာ တစ်ယောက်လောက် အသက်ကြီးပိုင်းတွေသာ ကျန်ပါတယ်။” ဟု ကိုအောင်မြကိုက ဆိုသည်။
ကျေးရွာအတွင်း တပ်စွဲထားသဖြင့် ကျေးရွာသားများမှာ အပြင်သို့ထွက်ကာ လုပ်ကိုင်စားသောက်ရန် စိုးရိမ်နေကြသည့်အတွက် စားနပ်ရိက္ခာများပါ ကျပ်တည်းလျက်ရှိပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်းလည်း ၄င်းကပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောဆိုချက်အရ တပ်စွဲထားသည်မှာ မှန်သော်လည်း တပ်မတော်သားများအနေဖြင့် ကျေးရွာအတွင်း တစ်စုံတစ်ရာ လုပ်ဆောင်မှုမရှိဘဲ အပြင်သို့ထွက်လျှင်လည်း အရပ်ဝတ်ဖြင့်သာ ထွက်ကြကာ မိမိတို့ကိုယ်တိုင် ဈေးဝယ်ခြင်း၊ ရေခပ်ခြင်းများကိုပြုလုပ်လျက် အေးအေးဆေးဆေးရှိကြောင်း သိရသည်။
“ကျောက်တန်းမှာဖြစ်ခဲ့တဲ့အတွက် စိုးရိမ်နေကြတာပါ။ ရေတွေလည်း ကိုယ့်ဟာကိုခပ်ကြတယ်၊ ဆန်တွေကိုလည်း ကိုယ့်ဟာကိုဝယ်စားကြတယ်။ ဘာမှတော့မလုပ်ဘူး။” ဟု အုပ်ချုပ်ရေးမှူး ဦးကံထွန်းမောင်က ပြောသည်။
ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာတွင် ရက္ခိုင့်တပ်တော်(AA) နှင့် ပတ်သက်ပြီး ကျေးရွာသား ၂၇၅ ဦးကို ဧပြီလ ၃၀ ရက်နေ့မှ စတင်ကာ ကျေးရွာစာသင်ကျောင်းအတွင်း စစ်ဆေးခဲ့ပြီး မေလ ၂ ရက်နေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ တပ်မတော်က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးပြီး ၈ ဦးမှာ သေနတ်ဒဏ်ရာများဖြင့် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရသည်။




