ဓာတ်ပုံ-တင်ငြိမ်းဦး

နေရောင်မင်း(စစ်တွေ)၊ DMG၊ နိုဝင်ဘာလ ၂၄၊စစ်တွေ

ပေါက်တောမြို့နယ်၊ တောင်ချောင်ကျေးရွာအနီး ဆင်ကျော်ကုန်း တောင်ထွဋ်ပေါ်တွင် ကျပ်သိန်း( ၆) ထောင် အကုန်ကျခံပြီး “မဟာကရုဏာကရ လေးမျက်နှာ ပုထိုးတော်ကြီး ”ကို မြောက်ဦးမြို့ ၊လေးမျက်နှာ ပုထိုးတော်ကြီးနှင့်ပုံစံတူတည်ထားကိုးကွယ်ရန်အတွက် စတင်ဆောင်ရွက်နေပြီဖြစ်သည်။

ယင်းပုထိုးတော်ကို ရခိုင်ပြည် သာသနာ့ဦးသျှောင်ဆရာတော်ကြီးများ၊တောင်ချောင်ရွာဖွား မှော်ဘီမြို့ မဟာဝိဟာရဆရာတော် ဘန္ဒ န္တဝိဇ္ဇနန္ဒနှင့် ရက္ခပူရသာသနာလင်္ကာရအသင်း ဦးဆောင်ဆရာတော် များ၏ လမ်းညွှန်မှုဖြင့် တည်ဆောက်မည်ဖြစ်သည်။

“ အခုအုတ်မြစ်ချနေပါပြီ။ ၂နှစ်အတွင်းမှာ အပြီးတည်ဆောက်မှာဖြစ်တယ်။အဓိက ရည်မှန်းချက်ကတော့ ဆရာတော်ဘုရားမှာ ရခိုင်ပြည်နယ် အေးချမ်းသာယာဖွံ့ဖြိုးဖို့အတွက် ရည်မှန်းပြီးတော့ တည်ဆောက်မှာပါ ”ဟု ပုထိုးတော်ကြီး ဖြစ်မြောက်ရေးအဖွဲ့ စစ်တွေ တာဝန်ခံ ဦးစိုးခန့် ကပြောသည်။

အဆိုပါပုထိုးတော်၏ ဥာဏ်တော်အမြင့်မှာ (၅၁) ပေ (၃) လက်မရှိမည်ဖြစ်ကာ ရှေးဘုရင်များလက်ထက် နောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဘိလပ်မြေမသုံးဘဲ ကျောက်သားပကတိဖြင့်  ရှေးခေတ်နည်းပညာအတိုင်း တည်ဆောက်မည်ဖြစ်သည်။