
(ယနေ့ နံနက်ပိုင်းက လေဆင်နှာမောင်းကြောင့် ပျက်စီးခဲ့သည့် သရက်ချောင်းကျေးရွာမှ နေအိမ်များ။ ဓါတ်ပုံ - အောင်ကျော်ထွီး (ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ်))
မေလ ၁၆ ရက်၊ ၂၀၁၇ ခုနှစ်၊ ပေါက်တော (DMG) ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အရှေ့ဖရုံကာကျွန်း၊ သရက်ချောင်းကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်၍ အိမ်(၇)လုံးခန့် ပျက်စီးသွားခဲ့ပြီး နေအိမ်ပျက်စီးခဲ့သည့် မိသားစုများအနေဖြင့် နေအိမ်ဆောက်လုပ်ရန်အတွက် အကူအညီများလိုအပ်လျက်ရှိသည်ဟု သရက်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိန်သာကပြောသည်။
ယနေ့ (မေလ ၁၆ ရက်နေ့)၊ နံနက်ပိုင်းအချိန်ခန့်က လေဆင်နှာမောင်းတိုက်ခတ်ခဲ့မှုကြောင့် ပျက်စီးခဲ့ခြင်းဖြစ်ကာ လူများထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမဖြစ်ခဲ့ဟုသိရသည်။
“ ဒီနေ့မနက်ပိုင်းလောက်က လေဆင်နှာမောင်းတိုက်ခတ်ပြီးတော့ ပျက်စီးသွားတာ။ နေအိမ် (၇) လုံး လောက်ပေါ့။ တစ်အိမ်တော့ လုံးဝပျက်စီးသွားတယ်။ နောက်အိမ်တွေမှာတော့ အိမ်ခေါင်းမိုးတွေ အကာတွေ လွင့်သွားတာ။ ဆုံးရှုံးမှု တန်ဖိုးဘယ်လောက်ရှိလဲ ဆိုတာ စာရင်းကောက်နေပါတယ်။ ” ဟု သရက်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိန်သာက ဆိုသည်။
အဆိုပါ လေဆင်နှာမောင်းကြောင့် သရက်ချောင်းကျေးရွာအနီးတွင် စက်လှေတစ်စီး နစ်မြုပ်သွားခဲ့ပြီး စက်လှေပေါ်တွင် လိုက်ပါခဲ့သူများမှာ ထိခိုက်ဒဏ်ရာမရှိခဲ့ဘဲ စက်လှေပေါ်တပ်ဆင်ထားသည့် စက်နှစ်လုံးရေတွင် နစ်မြုပ်သွားကြောင်းလည်း သိရသည်။





